အိပ်မက်ကို ထိုးရာမှ ထိုင်းက အကြွေးနွံနစ်နေသည့် ကိုယ်ဝန်ဆောင်မြန်မာအမျိုးသမီး ဘတ် ၆ သန်း ကံထူး

ထိုင်းနိုင်ငံ၊ တာ့ခ် (Tak)ခရိုင်းအတွင်း ဟင်းသီးဟင်းရွက်ရောင်းချနေသည့် အသက် ၂၅ နှစ်အရွယ် လားဟူတိုင်းရင်းသူ ကိုယ်ဝန်ဆောင်မြန်မာအမျိုးသမီးသည် ဇွန်လ ၁ ရက်နေ့ထွက် ဘတ် ၆ သန်းထီဆုကြီးကို ကံထူးသွားကြောင်း သိရသည်။

အဆိုပါ အကျွေးနွံနစ်နေသည့် မိခင်လောင်းသည် အိပ်မက်ထဲတွင် ထူးဆန်းသောအဖိုးအိုတစ်ဦး လာရောက်ပေးခဲ့သည့် အတိတ်နိမိတ်အတိုင်း ထီလက်မှတ်ဝယ်ယူခဲ့ရာမှ ထိုင်းအစိုးရ၏ ထီပထမဆုကြီးဖြစ်သော ဘတ် ၆ သန်းကို ကံထူးဆွတ်ခူးသွားခဲ့ကြောင်း သိရသည်။

ကံထူးရှင်အမျိုးသမီးမှာ ကမ်ဖန်ဖတ် (Kamphaeng Phet) မြို့နယ်ရှိ ဈေးဝယ်စင်တာတစ်ခုတွင် ဟင်းသီးဟင်းရွက်ရောင်းချနေသည့် မအင်သီရာဆိုသူဖြစ်ပြီး၊ သူမသည် လက်ရှိတွင် ကိုယ်ဝန် ၅ လွယ်ထားရသည့်အပြင် ဆိုင်အတွက် ဟင်းသီးဟင်းရွက်ဖိုး အကြွေးနွံနစ်နေသဖြင့် အရင်းအနှီးပင် ပြန်မစိုက်နိုင်လောက်အောင် စီးပွားရေး အကျပ်အတည်းဖြစ်နေသူ ဖြစ်သည်ဟု ထိုင်းသတင်းများတွင် ရေးသားဖော်ပြထားချက်အရ သိရသည်။

ယခု ၂၀၂၆ ခုနှစ် ဇွန်လ ၁ ရက်နေ့ ထီဖွင့်ပွဲအပြီးတွင် ဒေသခံဈေးသည်တစ်ဦး ပထမဆုပေါက်သွားကြောင်း သတင်းထွက်ပေါ်လာသဖြင့် ထိုင်းသတင်းထောက်များက သွားရောက်မေးမြန်းခဲ့ကြခြင်းဖြစ်သည်။

မအင်သီရာ၏ ပြောပြချက်အရ ပြီးခဲ့သည့်ရက်ပိုင်းက သူမ၏အိပ်မက်ထဲတွင် အဖိုးအိုတစ်ဦး ပေါ်လာပြီး ‘၁၇၃၇၇၀’ ဟူသော ဂဏန်းကို ဝယ်ယူရန်နှင့် ထီပေါက်ပါက ၎င်းအတွက် အမျှပေးဝေ ကောင်းမှုကုသိုလ်ပြုလုပ်ပေးရန် ပြောကြားခဲ့ကြောင်း သိရသည်။

နောက်တစ်နေ့ ဈေးဆိုင်တွင် ဟင်းရွက်ရောင်းနေစဉ် ထီသည်တစ်ဦး ဖြတ်လာရာ အိပ်မက်ထဲကအတိုင်း အဆုံးသတ်ဂဏန်း ၇၇၀ ပါသည့် ထီလက်မှတ်ကို တွေ့ရှိခဲ့သည်။

အဆိုပါဂဏန်းဖြင့် ထီလက်မှတ် နှစ်စောင်တွဲရှိနေသော်လည်း ထိုစဉ်က သူမတွင် ပိုက်ဆံမလောက်သဖြင့် တစ်စောင်သာ အနိုင်နိုင် ဝယ်ယူနိုင်ခဲ့ခြင်း ဖြစ်သည်။

ထီပေါက်စဉ် ကြေညာချိန်တွင် ပထမဆုကြီး ပေါက်ကွဲသွားသည်ကို သိရှိရသဖြင့် မအင်သီရာမှာ ဝမ်းသာလွန်း၍ မျက်ရည်ကျခဲ့ရပြီး၊ မိမိအနေဖြင့် ယခုလို ဆုကြီးပေါက်လိမ့်မည်ဟု လုံးဝမမျှော်လင့်ထားကြောင်းနှင့် ဈေးဖော်ဈေးဖက်များကလည်း သူမ၏ဆိုင်ရှေ့တွင် ဝိုင်းအုံကာ ဝမ်းမြောက်စကား ပြောကြားခဲ့ကြသည်။

ကံထူးရှင် မိခင်လောင်းက ၎င်းရရှိမည့် ဆုကြေးငွေများထဲမှ အချို့ကို အိပ်မက်ထဲက အဖိုးအိုအား ကတိပေးခဲ့သည့်အတိုင်း သူမ၏ဇာတိ တာ့ခ်ပြည်နယ်၊ ဒွိုင်မူဆာ (Doi Muser) ရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် အလှူအတန်း ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောသည်။

ထို့ပြင် ယခုကဲ့သို့ ကံထူးရခြင်းမှာ ဝမ်းဗိုက်ထဲက ၅ လအရွယ် ရင်သွေးငယ်လေးကြောင့် ရရှိသည့် ကံကောင်းခြင်း ဖြစ်နိုင်ကြောင်း ဆိုကာ၊ ထီပေါက်သွားသော်လည်း ဟင်းသီးဟင်းရွက်ရောင်းသည့် အလုပ်ကို ဆက်လက်လုပ်ကိုင်သွားဦးမည်ဖြစ်ကြောင်း သတင်းရရှိသည်။