မန္တလေးမြို့၊မဟာအောင်မြေမြို့နယ်တွင် ဆွမ်းခံကြွလာသော ဘုန်းကြီးကို မီနီအိုးဝေက တိုက်မိပြီး နောက် ထွက်ပြေးသွားကြောင်း သိရသည်။
ယနေ့(ဇွန်၂ရက်)နံနက်ပိုင်း သံဃာတော်များ ဆွမ်းခံကြွချိန်တွင် မဟာအောင်မြေမြို့နယ်၊၈၂လမ်း၊ လမ်း၄၀နှင့် ၄၁လမ်းကြား၌ ဆွမ်းခံကြွလာသည့် ဘုန်းကြီးတစ်ပါးကို မီနီအိုးဝေသုံးဘီးယာဉ်က တိုက် မိခဲ့ခြင်းဖြစ်ကြောင်း မဏီစလလူမှုကူညီရေးအသင်း-မန္တလေးက သတင်းထုတ်ပြန်သည်။
“အိုးဝေက တိုက်ပြီးပြီးချင်း မပြေးသေးဘူး။ပြီးမှ သတိဝင်လာပြီး ကြောက်လန့်ပြီး မောင်းပြေးသွား တာထင်တယ်။ဘုန်းကြီးက ကားလမ်းပေါ်မှာ လဲနေတာ။ စိုးရိမ်ရတဲ့အခြေအနေတော့ မဟုတ်ဘူး” ဟု မန္တလေးမြို့ခံ လူမှုကူညီရေးသမားတစ်ဦးက MPAသို့ပြောသည်။
ဘုန်းကြီး၏ သက်တော်မှာ ၆၀ ဝန်းကျင်ရှိပြီဟု မျက်မြင်များက ခန့်မှန်းကြကြောင်းနှင့် မည်သည့် ဘုန်းကြီးကျောင်း၌ သတင်းသုံးသလဲဆိုသည်ကို မသိရသေးကြောင်း ၎င်းက ဆိုသည်။
ဒဏ်ရာရရှိထားသော ဘုန်းကြီးကို မဏီစလလူမှုကူညီရေးအသင်း-မန္တလေးက မန္တလေးပြည်သူ့ဆေး ရုံကြီး၊အရေးပေါ်ဌာနသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
