ကမ္ဘာ့ရှားပါးစာရင်းဝင်ပန်ဒါနီများ ဖမ်းဆီး သတ်ဖြတ်ခံရမှု ပိုမိုဆိုးရွားလာ

By Sayar Ngaat/MPA

မြန်မာနိုင်ငံတွင် ကမ္ဘာ့ရှားပါးစာရင်းဝင် ပန်ဒါနီများ ဖမ်းဆီးသတ်ဖြတ်ခံရမှု ပိုမိုဆိုးရွားလာကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်သူများထံမှ သိရသည်။

တောပြုန်းခြင်း၊ တရားမဝင်သစ်ခုတ်ခြင်းများကြောင့် ပန်ဒါနီများ၏ စားကျက်မြေများ လျော့နည်းကာ အကောင်အရေအတွက် ကျဆင်းလာကြောင်း Native Species Conversation & Identification အဖွဲ့မှ ကိုဝင်းပိုင်ဦးက ပြောသည်။

” ပန်ဒါနီလေးတွေရဲ့ပျံ့နှံ့တည်ရှိမှုဟာ အကန့်အသတ်တွေရှိတာရယ်၊ သူတို့အမြဲကြုံတွေ့နေရတဲ့ ဖမ်းဆီးသတ်ဖြတ်ခံရမှုပြဿနာတွေဟာ မြန်မာနိုင်ငံမှာ သူတို့အတွက် ထိရောက်တဲ့ထိန်းသိမ်းစောင့်ရှောက်မှုတွေလိုအပ်နေသေးတယ်ဆိုတာကို မီးမောင်းထိုးပြနေသလိုပါပဲ၊ ဒါ့အပြင် အစားအသောက်နဲ့ဆေးဝါး အတွက် အမဲလိုက်ခံရခြင်း၊ အိမ်မွေးတိရစ္ဆာန်အဖြစ် ရောင်းဝယ်ခံရခြင်းစတာတွေကလည်း ပန်ဒါနီတွေရဲ့ အသက်ရှင်ရပ်တည်မှုကို အနှောင့်အယှက်ပေးနေပါတယ် ” ဟု ကိုဝင်းပိုင်ဦးက ပြောသည်။

ပန်ဒါနီများသည် သိုဝှက်စွာနေထိုင်တတ်သည့် အလေ့အကျင့်ကြောင့် လက်ကျန်အကောင်အရေအတွက်ကို တိတိကျကျမသိရသေးသော်လည်း အရေအတွက်များ သိသိသာသာ ကျဆင်းလာနေသည့်အတွက် နိုင်ငံတကာ သဘာဝထိန်းသိမ်းစောင့်ရှောက်ရေးအသင်း(IUCN)က မျိုးသုဥ်းရန် အန္တရာယ်ကျရောက်နေသည့် မျိုးစိတ်များအဖြစ် သက်မှတ်ထားကြောင်း ကိုဝင်းပိုင်ဦးက ဆက်လက်ရှင်းပြသည်။

ပန်ဒါနီများကို ကချင်ပြည်နယ်မြောက်ဖျားစွန်းဒေသများဖြစ်သည့် ခါကာဘိုရာဇီအမျိုးသားဥယျာဉ်နှင့် ဖုန်ကန်ရာဇီဘေးမဲ့တော၊ ကချင်ပြည် နယ်အရှေ့မြောက်စွန်းဒေသများဖြစ်သည့် မဂျယ်တောင်နှင့် အီမောဘွန်ဒေသများတွင် အဓိကတွေ့ရပြီး တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံများနှင့် ထိစပ်လျက်ရှိသည့် တောင်တန်းဒေသများ၌ ပန်ဒါနီများကို တွေ့ရကြောင်း သိရသည်။

ပန်ဒါနီများသည် နာမည်တွင် ပန်ဒါပါနေသော်လည်း အများစု သိကြသည့် အဖြူအနက်စပ် ပန်ဒါဝက်ဝံများနှင့် မျိုးစိတ်ချင်းနီးစပ်နေခြင်းမရှိဘဲ ဟိမဝန္တာတောင်တန်းတလျောက်ရှိ အအေးပိုင်းနှင်းတောများ၌ ကျက်စားသည့် နို့တိုက်သတ္တဝါများဖြစ်ကာ သီးခြား ကြောင်နီမျိုးရင်းလည်း ဖြစ်သည်။

ပန်ဒါနီများကို မြန်မာနိုင်ငံအပြင် နီပေါ၊ အိန္ဒိယ၊ ဘူတန်၊ တရုတ်စသည့် နိုင်ငံများ၌ အဓိကတွေ့ရပြီး ဇီဝမျိုးစုံမျိုးကွဲများ၏ ထူးခြားသော တစိတ်တပိုင်းကို ကိုယ်စားပြုကာ ဂေဟစနစ်အတွက်လည်း အရေးပါနေကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်သူများက ဆိုသည်။

” ဒီရှားပါးကောင်လေးတွေကို ထိန်းသိမ်းဖို့ပြောနေရတာက သူတို့မျိုးသုဥ်းသွားရင် ကျတော်တို့ အနေနဲ့ မျိုးစိတ်တစ်ခု ဆုံးရှုံးသွားတယ်ဆိုတာထက် ဒီ မျိုးစိတ်ကိုယ်စားပြုတဲ့ ဒေသတစ်ခုရဲ့အမှတ်သညာ ဆုံးရှုံးသွားတာမျိုးလည်းဖြစ်ပါတယ်။ ဥပမာ-မြန်မာနိုင်ငံရဲ့ ကချင်ပြည်နယ်မှာပဲမြင်တွေ့ရတဲ့ဒီအကောင်လေးတွေ မရှိတော့ရင် ဒီဒေသရဲ့ အမှတ်အသားတခုဆုံးရှုံးမှုပဲဖြစ်ပါတယ်။ ဒီထက်ပို တွေးရရင် အကောင်လေးတွေဟာ ဆင့်ကဲပြောင်းလဲမှုဖြစ်စဥ်မှာအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်နေပါတယ်။ သူတို့မျိုးစိတ်တခုခုသာ မျိုးသုဥ်းသွားခဲ့ရင်လည်း ဆင့်ကဲပြောင်းလဲမှုဖြစ်စဥ်ကိုလေ့လာရာမှာ သူတို့ပါဝင်ပတ်သက်နေတဲ့ ကွင်းဆက်တစ်ခု ပြတ်သွားမယ်လို့ဆိုလိုတာပါ။ တကယ့်ကိုမှ ကြီးမားတဲ့ဆုံးရှုံးမှုပါပဲ ” ဟု ကိုဝင်းပိုင်ဦးက ပြောသည်။

” မြန်မာနိုင်ငံမှာက ပန်ဒါနီတွေကို ထိန်းသိမ်းဖို့အတွက် ဧရိယာသတ်သတ်မှတ်မှတ်နဲ့ လုပ်ထားတာတွေ မရှိဘူး၊ တရုတ်မှာတော့ ထိန်းသိမ်းရေး ဧရိယာသတ်မှတ်ထားတွေ ရှိတယ်။ အဲဒီတော့ နယ်စပ်ဒေသတွေမှာဆို အလှဆင်ဖို့၊ ဆေးဖော်ဖို့၊ တချို့ကျလည်း အိမ်မွေးဖို့ဆိုပြီး အသေရော၊ အရှင်ရော၊ တရုတ်ဘက်ကို မှောင်ခိုလမ်းကြောင်းကနေ ရောင်းဝယ်တာတွေ ပြုလုပ်နေတာတွေ ရှိတယ် ” ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်သူတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၄ရက်က စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်အတွင်း ကမ္ဘ့ာရှားပါးစာရင်းဝင် ပန်ဒါနီ ၉ကောင်သယ်ဆောင်လာသည့် မော်တော်ယာဉ်တစ်စင်းကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ ဖမ်းဆီးရမိခဲ့ပြီး အင်းတော်မြို့နယ် သယံဇာတ စီမံအုပ်ချုပ်ရေးအဖွဲ့ထံသို့ အပ်နှံကာ ယာယီထိန်းသိမ်းစောင့်ရှောက်ထားကြောင်း သိရသည်။

အဆိုပါ ပန်ဒါနီများကို သဘာဝအတိုင်း နေထိုင်ကျက်စားရာသို့ ပြန်လည်ပို့ဆောင်ခြင်းကို ပန်ဒါနီနေရင်းဒေသမှ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ကာ ဆောင်ရွက်လျက်ရှိပြီး လုံခြုံစိတ်ချရသည့် အခြေအနေရှိသည့်အခါတွင် ဖြစ်စဉ်နှင့် အရေးယူဆောင်ရွက်မှုများကို သတင်းထုတ်ပြန်သွားမည်ဖြစ်ကြောင်း NUG၏ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ယမန်နေ့က(စက်တင်ဘာလ ၂၀ရက်) ထုတ်ပြန်ထားသည်။

လက်ရှိကာလတွင် ပန်ဒါနီများကဲ့သို့ တောရိုင်းတိရစ္ဆာန်များအား ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ နေရင်းဒေသများအား ကာကွယ်ပေးခြင်းနှင့် တရားမဝင် ဖမ်းဆီးသယ်ဆောင်မှုများအား တားဆီးခြင်းများ အလွန်လိုအပ်လျက်ရှိပြီး ပြည့်သူများအနေဖြင့် တောရိုင်းတိရစ္ဆာန်များ ထိန်းသိမ်းကာကွယ်ခြင်းတွင် ပူးပေါင်းပါဝင်ပေးကြရန် ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သစ်တောဦးစီးဌာနမှ ၂၀၂၀ခုနှစ်တွင် ထုတ်ပြန်ထားသည့် စာရင်းများအရ မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် မျိုးဆက်ပျက်သုဉ်းရန် အန္တရာယ်ရှိသဖြင့် ကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန် (၅၇၇) မျိုး၊ သာမန်ကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန် (၃၁၈) မျိုး၊ ရာသီအလိုက် ကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန် ( ၉၁၄) မျိုး ရှိကြောင်း သိရသည်။

ပန်ဒါနီများကို ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်း ဥပဒေပုဒ်မ ၁၉၊ ပုဒ်မခွဲ (က) အရ လုံးဝ ကာကွယ်ထားသည့်တောရိုင်းတိရစ္ဆာန်များ စာရင်းတွင်ထည့်သွင်းဖော်ပြထားသည်။

စာတည်း-ကိုဆန်း