The Nation
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်သည် ကျန်ရှိနေသော ပြစ်ဒဏ်ကာလအတွက် လာမည့် စက်တင်ဘာလ ၉ ရက်နေ့အထိ စောင့်ဆိုင်းရန်မလိုဘဲ အပြည့်အဝ လွတ်မြောက်တော့မည်ဖြစ်သည်။
ဇွန်လ ၂ ရက်က တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဒီကရီကို ထုတ်ပြန်ခဲ့ပြီးနောက် ယခုကဲ့သို့ လွတ်မြောက်ခွင့်ရရှိခြင်းဖြစ်သည်။
ဇွန်လ ၃ ရက်တွင် ကျရောက်မည့် မိဖုရားကြီး၏ သက်တော် ၄၈ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် မင်္ဂလာအခါသမယအဖြစ် ထုတ်ပြန်လိုက်သော အဆိုပါအမိန့်သည် ထုတ်ပြန်ပြီးနောက်တစ်ရက်တွင် စတင်အာဏာသက်ရောက်မည်ဖြစ်သည်။
မေလ ၁၁ ရက်က ကလောင်ပရမ် (Klong Prem) ဗဟိုအကျဉ်းထောင်မှ လွတ်မြောက်လာခဲ့ပြီးနောက် သက်ဆင်သည် ခံဝန်ချက်ဆိုင်ရာ စည်းကမ်းချက်များအောက်တွင် ၎င်း၏ တစ်နှစ်ထောင်ဒဏ် နောက်ဆုံးအပိုင်းကို ကျခံနေရခြင်းဖြစ်သည်။
သူ၏ ပြစ်ဒဏ်ကာလမှာ မူလက ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၉ ရက်တွင် ကုန်ဆုံးရန် သတ်မှတ်ထားခြင်း ဖြစ်သောကြောင့် ဇွန်လ ၃ ရက်တွင် ဒီကရီအာဏာသက်ရောက်သည့်အခါ ၎င်း၌ ကျန်ရှိသည့်ကာလမှာ သုံးလကျော်မျှသာ ရှိတော့သဖြင့် ဒီကရီက သတ်မှတ်ထားသော တစ်နှစ်အောက် ကန့်သတ်ချက်အတွင်း အကျုံးဝင်နေခြင်းဖြစ်သည်။
သက်ဆင်သည် မေလ ၁၁ ရက် လွတ်မြောက်လာပြီးနောက်ပိုင်း အီလက်ထရွန်နစ် စောင့်ကြည့်ရေး (EM) လက်ပတ်ကို ဝတ်ဆင်ထားခဲ့ရပြီး ခံဝန်ကာလအတွင်း စောင့်ကြည့်စစ်ဆေးရေး အရာရှိများထံ ပုံမှန်သတင်းပို့ခဲ့ရသည်။
အသက် ၇၆ နှစ်အရွယ်ရှိ သက်ဆင်သည် ပြည်ပတွင် နှစ်ပေါင်းများစွာ တိမ်းရှောင်နေခဲ့ပြီးနောက် ၂၀၂၃ ခုနှစ်တွင် ထိုင်းနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်စဉ်ကာလက အဂတိလိုက်စားမှုနှင့် အာဏာအလွဲသုံးစားမှု အမှုများဖြင့် ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည်။
၎င်း၏ မူလထောင်ဒဏ် ၈ နှစ်ကို နောက်ပိုင်းတွင် ဘုရင့်အမိန့်ဖြင့် ၁ နှစ်သို့ လျှော့ပေါ့ပေးခဲ့သည်။
