စစ်တပ်နယ်တွင် ရှီရှားနှင့် K လှိုင်လှိုင်သုံးနေချိန် မူးယစ်ဆေးပေါသည်ဆိုသည့် ကိုးကန့်နယ်၌ MNDAA က ဥပဒေထုတ်၍ အပြင်းအထန် စတင်နှိမ်နင်း

ဓာတ်ပုံ - The Kokang

မူးယစ်ဆေးဝါး ပေါများလှသည်ဟု ကျော်ကြားသည့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ရေးနယ်မြေ (အထူးဒေသ-၁) အတွင်း မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) က ဥပဒေထုတ်ပြန်၍ အပြင်းအထန် တားမြစ်နှိမ်နင်းလာကြောင်း သတင်းရရှိသည်။

ယင်းမှာ အာဏာသိမ်း စစ်တပ်နှင့် စစ်အုပ်စု ထိန်းချုပ်ရာ မြို့ကြီးများရှိ ဖျော်ဖြေရေးနေရာများတွင် ရှီရှား (Shisha) နှင့် K (ကတ်တမင်း) အပါအဝင် မူးယစ်ဆေးဝါးများကို တရားဝင်ကဲ့သို့ ပေါပေါလောလော လှိုင်လှိုင်သုံးစွဲခွင့် ရနေသည်။

မြန်မာနိုင်ငံ အထူးဒေသ (၁) ရဲတပ်ဖွဲ့မှ အထူးဖွဲ့စည်းထားသော ရှီရှားစစ်ဆေးရေးလုပ်ငန်းအဖွဲ့သည် လောက်ကိုင်မြို့ပြ ဧရိယာအတွင်းရှိ ဘား (Bar) များနှင့် KTV အစရှိသော ဖျော်ဖြေရေးနေရာများကို ညပိုင်းရှောင်တခင် ဝင်ရောက်စစ်ဆေးမှုများ ဆက်တိုက်ပြုလုပ်နေသည်ဟု MNDAA ၏ ထုတ်ပြန်ချက်အရ သိရသည်။

ယင်းလုပ်ဆောင်ချက်သည် ဇွန်လ ၁ ရက်နေ့တွင် တရားဝင်အာဏာတည်ခဲ့သည့် ရှီရှားရောင်းချခြင်းနှင့် သောက်သုံးခြင်းကို တားမြစ်ပိတ်ပင်သည့် ထုတ်ပြန်ချက်ကို အလေးအနက် အကောင်အထည်ဖော်ရန်နှင့် လူမှုပတ်ဝန်းကျင် လုံခြုံရေးကို ပိုမိုသန့်စင်ကောင်းမွန်စေရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ဆိုသည်။

MNDAA ရဲတပ်ဖွဲ့သည် ယခင်ကတည်းက ဖျော်ဖြေရေးနေရာများနှင့် လုပ်ငန်းခွင်များသို့ သွားရောက်ကာ ရှီရှားရောင်းချခြင်း၊ ပံ့ပိုးပေးခြင်းနှင့် သောက်သုံးခြင်းတို့ကို ရှင်းလင်းစွာ တားမြစ်ထားသည့် အဆိုပါထုတ်ပြန်ချက်ကို ဖြန့်ဝေအသိပေးခဲ့ပြီးဖြစ်သည်ဟုလည်း သိရသည်။

ယခုအကြိမ် ဝင်ရောက်စစ်ဆေးမှုတွင် ဥပဒေစိုးမိုးရေးဝန်ထမ်းများက ဖျော်ဖြေရေးနေရာအသီးသီး၏ တရားဝင်လုပ်ငန်းလိုင်စင်နှင့် စာရွက်စာတမ်းများကို အဓိကထား မှတ်တမ်းတင်စစ်ဆေးခဲ့ကြပြီး၊ လတ်တလောတွင် အသိပေးခြင်းနှင့် ပညာပေးပြုပြင်ပြောင်းလဲစေခြင်းကိုသာ အခြေခံလုပ်ဆောင်ခြင်းဖြစ်ကြောင်း လုပ်ငန်းရှင်များကို ရှင်းလင်းပြောကြားခဲ့သည်ဟုလည်း ဆိုသည်။

သို့သော်လည်း ရှောင်တခင်စစ်ဆေးမှုများကို အချိန်မရွေး ဆက်လက်ပြုလုပ်သွားမည်ဖြစ်ပြီး၊ နောက်နောင်တွင် စည်းကမ်းဖောက်ဖျက်၍ ရှီရှားရောင်းချခြင်း၊ ပံ့ပိုးပေးခြင်းများ တွေ့ရှိပါက ဥပဒေအရ ဖမ်းဆီးထိန်းသိမ်းခြင်း၊ ဒဏ်ငွေရိုက်ခြင်း စသည့်ပြစ်ဒဏ်များကို ချမှတ်သွားမည်ဖြစ်ကြောင်းလည်း သတိပေးထားသည်။

အထူးသဖြင့် အသိပညာပေးသော်လည်း မပြင်ဘဲ ထပ်မံဥပဒေဖောက်ဖျက်သည့် နေရာများကို သက်ဆိုင်ရာလုပ်ငန်းလိုင်စင်များပါ ဥပဒေအရ လုံးဝပယ်ဖျက်သွားမည်ဖြစ်ပြီး တာဝန်ရှိသူများကို ပြင်းထန်စွာ အရေးယူမည်ဟု အလေးအနက် သတိပေးထားသည်။

ယခုကဲ့သို့ MNDAA က ကိုးကန့်နယ်မြေအတွင်း ရှီရှားနှင့် မူးယစ်ဆေးဝါးပြဿနာ ပြန်လည်ခေါင်းထောင်မလာစေရန် တင်းကျပ်စွာ ကိုင်တွယ်ထိန်းချုပ်နေသော်လည်း၊ အာဏာသိမ်း စစ်တပ်ထိန်းချုပ်နယ်မြေအတွင်းရှိ ကလပ်၊ ကေတီဗွီနှင့် ဘားများတွင်မူ ရှီရှားနှင့် K ဆေးဝါးများ လှိုင်လှိုင်သုံးစွဲနေမှုများကို ထိရောက်စွာ နှိမ်နင်းနိုင်ခြင်းမရှိဘဲ ပရမ်းပတာဖြစ်နေသည်။

စစ်အုပ်စုနှင့် စစ်ကော်မရှင်ဘက်က ကလပ်နှင့် ဘားများကို ည ၁၁ နာရီ နောက်ဆုံးပိတ်ရန် သာမန်ကာလျှံကာ ကန့်သတ်ချက် ထုတ်ပြန်ထားရုံမှလွဲ၍ မြေပြင်တွင် မူးယစ်ဆေးဝါး ပျံ့နှံ့နေမှုနှင့် လောင်းကစား မှုခင်းပြဿနာများကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ကြောင်း နှိုင်းယှဉ်ချက်များအရ သိရသည်။

လုပ်ငန်းအဖွဲ့တာဝန်ခံ၏ ပြောကြားချက်အရ MNDAA အနေဖြင့် အဓိကဇုန်များနှင့် အဓိကနေရာများကို ကင်းလှည့်စစ်ဆေးနှိမ်နင်းမှု အရှိန်အဟုန်ကို ပိုမိုမြှင့်တင်သွားမည်ဖြစ်ပြီး၊ ကျန်းမာ၊ ယဉ်ကျေး၊ ဘေးကင်းပြီး စနစ်တကျရှိသော လူမှုပတ်ဝန်းကျင်တစ်ခု ဖြစ်ထွန်းလာစေရန် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။