မင်းအောင်လှိုင် ဘုန်းတော်ဘွဲ့သီချင်း ဝေဖန်သည့် ပို့စ်အောက်တွင် Comment ရေးသူ အမျိုးသမီး တောင်ကြီး၌ ပုဒ်မ ၅၀၅-က ဖြင့် ဖမ်းဆီးအမှုဖွင့်ခံရ

ဓာတ်ပုံ - လူမှုကွန်ရက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ဘုန်းတော်ဘွဲ့သီချင်းကို ဝေဖန်ထားသည့် ဖေ့ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာပို့စ်တစ်ခုအောက်တွင် မှတ်ချက်(Comment)ရေးသားခဲ့သည့် ဒေသခံအမျိုးသမီးတစ်ဦးကို စစ်အုပ်စုလက်အောက်ခံများက ဖမ်းဆီးပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ဖြစ်စဉ်မှာ တောင်ကြီးမြို့တွင် နေထိုင်သည့် အဆိုပါအမျိုးသမီးသည် လူမှုကွန်ရက်ပေါ်၌ ပျံ့နှံ့နေသော မင်းအောင်လှိုင်၏ ဘုန်းတော်ဘွဲ့သီချင်းအပေါ် ဝေဖန်ပြစ်တင်ထားသည့် ပို့စ်တစ်ခုအောက်တွင် ၎င်း၏ကိုယ်ပိုင်အကောင့်ဖြင့် ထပ်ဆင့်ဝေဖန်သည့် မှတ်ချက် (Comment) ရေးသားခဲ့ခြင်းဖြစ်သည်။

ထိုသို့ ရေးသားပြီးနောက် စစ်တပ်ထောက်ခံသည့် တယ်လီဂရမ် (Telegram) ချန်နယ်များတွင် ၎င်း၏အကောင့်နှင့် နေရပ်လိပ်စာများကို ဖော်ပြကာ ဖမ်းဆီးပေးရန် လှုံ့ဆော်မှုများ ရှိခဲ့ပြီးနောက် စစ်အုပ်စုက နေအိမ်သို့ လာရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် အဆိုပါအမျိုးသမီးကို စစ်အုပ်စုက နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ ဆန့်ကျင်လှုံ့ဆော်မှု စသည့် စွပ်စွဲချက်များဖြင့် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က ဖြင့် တရားစွဲဆို အမှုဖွင့်ထားကြောင်း သိရသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အုပ်စုသည် လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ၎င်းတို့အား ဝေဖန်သူများ၊ စစ်ဆန့်ကျင်ရေး လှုပ်ရှားသူများကိုသာမက ယခုကဲ့သို့ ရယ်မောသည့်အိုင်ကွန် (Haha Reaction) ပေးသူများနှင့် မှတ်ချက်အနည်းငယ် ရေးသားသူများကိုပါ ဆက်တိုက် ဖမ်းဆီးအရေးယူမှုများ ပြုလုပ်လျက်ကြောင်း သိရသည်။

တောင်ကြီးမြို့ခံတစ်ဦးကမူ စစ်အုပ်စုသည် မြေပြင်တွင် စစ်ရေးအရ ရှုံးနိမ့်မှုများပြားလာပြီး အကျပ်အတည်း ဆိုက်နေချိန်တွင် ပြည်သူများအကြား ကြောက်ရွံ့မှု စိုးမိုးနေစေရန်အတွက် အသေးအဖွဲ လူမှုကွန်ရက် မှတ်ချက်များကိုပင် လိုက်လံပိတ်ဆို့ ဖမ်းဆီးနေခြင်းဖြစ်ကြောင်း သုံးသပ်ပြောဆိုသည်။

စစ်အုပ်စုဘက်ကမူ ၎င်းတို့ကို ဆန့်ကျင်ဝေဖန်သူများကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ ဆက်သွယ်ရေးဥပဒေများနှင့် ပုဒ်မ ၅၀၅-က တို့ဖြင့် ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဟု စဉ်ဆက်မပြတ် သတိပေးချက်များ ထုတ်ပြန်ထားဆဲ ဖြစ်သည်။