အီရန်နှင့် အစ္စရေး ယာယီအပစ်ရပ်ရန် သဘောတူ၊ ထပ်မံချိုးဖောက်ပါက တုံ့ပြန်မည်ဟု နှစ်ဖက်အပြန်အလှန်ကြိမ်းဝါး

ဓာတ်ပုံ - BBC/Reuters

By BBC/Reuters

ပြီးခဲ့သည့် ဧပြီလ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပြီး ပထမဆုံးအကြိမ်အဖြစ် နှစ်ဖက်အပြန်အလှန် အပြင်းအထန် ပစ်ခတ်ခဲ့ကြပြီးနောက်၊ အီရန်နှင့် အစ္စရေးနိုင်ငံတို့သည် တစ်နိုင်ငံနှင့်တစ်နိုင်ငံ တိုက်ခိုက်နေမှုများ ခေတ္တရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း နှစ်ဖက်လုံးက ထုတ်ပြန်ကြေညာသည်။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက တနင်္လာနေ့တွင် ၎င်းတို့နိုင်ငံအနေဖြင့် လက်ရှိအချိန်၌ပစ်ခတ်မှုများကို ရပ်ဆိုင်းထားသော်လည်း အီရန်နှင့် ဟစ်ဇဘိုလာ (Hezbollah) အဖွဲ့အပေါ် ဆင်နွှဲနေသည့် တိုက်ပွဲမှာ ပြီးဆုံးသွားခြင်းမရှိသေးကြောင်း ၎င်း၏ သဘောထားထုတ်ပြန်ချက်အတွင်း အလေးအနက် ပြောထားသည်။

ယင်းထုတ်ပြန်ချက်သည် အီရန်လက်နက်ကိုင်တပ်ဖွဲ့က အစ္စရေးထံသို့ နာကျင်ဖွယ်ရာ တုံ့ပြန်မှု ပေးအပ်ပြီးနောက် စစ်ဆင်ရေးများကို ရပ်တန့်လိုက်ပြီဟု ပြောကြားခဲ့ပြီး နာရီပိုင်းအကြာတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။

အီရန်ဘက်ကမူ အစ္စရေးအနေဖြင့် ၎င်းတို့၏ မဟာမိတ် ဟစ်ဇ်ဘိုလာအဖွဲ့ တိုက်ခိုက်ခံနေရသည့် လက်ဘနွန်နိုင်ငံအပါအဝင် မည်သည့်နေရာတွင်မဆို ထပ်မံတိုက်ခိုက်မှုများ ပြုလုပ်လာပါက ယခုထက် ပိုမိုပြင်းထန်ပြီး ချေမှုန်းဖျက်ဆီးပစ်မည့် အရေးယူဆောင်ရွက်မှုများပြုလုပ်သွားမည်ဟု ကတိပြုထားသည်။

တနင်္ဂနွေနေ့က ဘေရွတ်မြို့ တိုက်ခိုက်ခံရမှုကို တုံ့ပြန်သည့်အနေဖြင့် တီဟီရန် (Tehran) ဘက်က အစ္စရေးသို့ ဒုံးကျည်များဖြင့် စတင်ပစ်ခတ်ခဲ့ပြီး၊ အစ္စရေးဘက်ကလည်း တနင်္လာနေ့ နံနက်အစောပိုင်းတွင် အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံအတွင်းရှိ စစ်ဘက်ဆိုင်ရာနေရာများကို လေကြောင်းမှတစ်ဆင့် ပြန်လည်ခြေမှုန်းခဲ့ခြင်း ဖြစ်သည်။

အစ္စရေးစစ်တပ် (IDF) ၏ ဒုတိယလှိုင်း လေကြောင်းတိုက်ခိုက်မှုတွင် အီရန်အနောက်တောင်ပိုင်း မာရှာ (Mahshahr) မြို့ရှိ ကမ္ဘာသုံးဒုံးကျည်များထုတ်လုပ်ရာတွင် အသုံးပြုသည့် ဓာတုဗေဒစက်ရုံဝန်းတစ်ခုကို ပစ်မှတ်ထားခဲ့ရာ ဒေသခံ ၁၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် လက်ဘနွန်တောင်ပိုင်း တိုင်ယာ (Tyre) မြို့တွင်လည်း အစ္စရေး၏ တိုက်ခိုက်မှုကြောင့် လူ ၅ ဦး သေဆုံးကာ ရှစ်ဦး ဒဏ်ရာရရှိခဲ့သည်။

ယခုအကျပ်အတည်းနှင့်ပတ်သက်၍ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန်နှင့် အီရန်တို့အကြား စစ်ပွဲအဆုံးသတ်ရေး ငြိမ်းချမ်းရေးဆွေးနွေးမှုများကို ထိခိုက်စေနိုင်သဖြင့် နှစ်နိုင်ငံလုံး ပစ်ခတ်မှုများ ချက်ချင်းရပ်တန့်ကြရန် ၎င်းပိုင် Truth Social လူမှုကွန်ရက်ပေါ်မှတစ်ဆင့် လူသိရှင်ကြား သတိပေးတောင်းဆိုခဲ့သည်။

ထို့ပြင် သမ္မတ ထရမ့်က အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုထံသို့ ဖုန်းဆက်၍ စစ်ပွဲအား ရပ်တန့်ရန် ဖိအားပေးခဲ့ပြီး အကယ်၍ အီရန်နှင့် ပြန်လည်စစ်ဖြစ်ပါက အစ္စရေးအနေဖြင့် တစ်နိုင်ငံတည်း အထီးကျန်စွာ တိုက်ခိုက်ရလိမ့်မည်ဟု သတိပေးခဲ့ကြောင်း အမေရိကန်မီဒီယာ Axios က ဖော်ပြထားသည်။

အဆိုပါ ဝါရှင်တန်နှင့် တီဟီရန်တို့အကြား ဒေသတွင်းစစ်ပွဲ အဆုံးသတ်ရေး ဆွေးနွေးမှုများနှင့် ပတ်သက်၍ အီရန်၏ ထိပ်သီးညှိနှိုင်းရေးမှူး မိုဟာမက် ဘာကီယာ ကာလီဘတ်ဖ် (Mohammad Baqer Qalibaf) ကမူ အမေရိကန်၏ အီရန်ဆိပ်ကမ်းများအပေါ် ရေတပ်ပိတ်ဆို့ထားမှုနှင့် အပစ်အခတ်ရပ်စဲရေး ချိုးဖောက်မှုများကြောင့်သာ လက်ရှိတင်းမာမှုများ ဖြစ်ပွားရခြင်းဖြစ်ကြောင်း တုံ့ပြန်ထားပြီး၊ ၎င်းတို့အနေဖြင့် အတင်းအကျပ် အစစ်ခံမည်မဟုတ်သလို၊ အတင်းအကျပ် ဆွေးနွေးမည်မဟုတ်ဘဲ ၎င်းတို့ သင့်တော်သည့်အချိန်ကျမှသာ တိုက်ခိုက်ခြင်းနှင့် ဆွေးနွေးခြင်းကို ပြုလုပ်သွားမည်ဟု တယ်လီဂရမ်တွင် ရေးသားထားသည်။

အဆိုပါ အရှေ့အလယ်ပိုင်းစစ်ပွဲကြီးသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၈ ရက်နေ့က အမေရိကန်နှင့် အစ္စရေးတို့ ပူးတွဲကာ အီရန်ဘာသာရေးခေါင်းဆောင် အယာတိုလာ အလီခါမေနီ (Ayatollah Ali Khamenei) ကို လုပ်ကြံသတ်ဖြတ်ခဲ့ရာမှ စတင်ခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်အထိ စစ်ပွဲအတွင်း အီရန်နိုင်ငံ၌ လူပေါင်း ၃,၆၀၀ ကျော် သေဆုံးခဲ့ရပြီး လက်ဘနွန်တွင်လည်း အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် လူပေါင်း ၃,၆၀၀ ကျော် သေဆုံးခဲ့ရပြီးဖြစ်ကြောင်း သိရသည်။