တရုတ်တန်း(၁၉)လမ်းကို နိုင်ငံတကာအဆင့်မီဖြစ်အောင် လုပ်မည်ဟု အမတ်တုကြွေးကြော်

ရန်ကုန်မြို့ တရုတ်တန်း (Chinatown) ၏ အချက်အချာကျပြီး နာမည်ကျော်ကြားလှသည့် (၁၉) လမ်းကို နိုင်ငံတကာအဆင့်မီ ညဈေးတန်းတစ်ခုဖြစ်လာစေရန် ပြန်လည်အဆင့်မြှင့်တင်မှုများ ဆောင်ရွက်ရန် စီစဉ်နေကြောင်း ရွေးကောက်ပွဲအတု၏ လသာမဲဆန္ဒနယ်က ဦးနေဝင်း၏ ပြောကြားချက်အရ သိရသည်။

သို့သော် တစ်ဖက်တွင်လည်း စစ်အုပ်စု၏ ညဘက်ဖျော်ဖြေရေးလုပ်ငန်းများအပေါ် အချိန်ကန့်သတ် ပိတ်ပင်ထားမှုများနှင့် မြေပြင်တင်းကျပ်မှုများကြောင့် ဤစီမံချက်သည် လက်တွေ့တွင် အောင်မြင်နိုင်ခြေ ရှိ၊ မရှိအပေါ် မေးခွန်းထုတ်မှုများနှင့် ဝေဖန်မှုများ ပြင်းထန်လျက်ရှိသည်။

တာဝန်ရှိသူများ၏ ပြောကြားချက်အရ ပြီးခဲ့သည့် မေလကုန်ပိုင်းကစတင်ကာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ရက် ၁၀၀ စီမံချက်အဖြစ် (၁၉) လမ်းမပေါ်တွင် ဆိုင်ခင်းခြင်း၊ ခုံခင်း၍ ရောင်းချခြင်းများကို တားမြစ်ခဲ့ပြီး လမ်းဘေးဈေးသည်များ ဝင်ရောက်ရောင်းချခြင်း မပြုရန် ပိတ်ပင်ခဲ့ကြောင်း ဈေးရောင်းချသူများက ဆိုသည်။

လက်ရှိတွင် (၁၉) လမ်းကို စည်းကမ်းတကျဖြစ်စေရန် အလှမီးပုံးများ တပ်ဆင်ခြင်း၊ မော်တော်ယာဉ်များ သွားလာနိုင်ရန် နေရာချန်လှပ်၍ ရောင်းချစေခြင်းတို့ကို ကော်မတီဖွဲ့၍ ကြပ်မတ်သွားရန် စီစဉ်နေခြင်းဖြစ်သည်။

အဆိုပါ တားမြစ်ကန့်သတ်မှုများနှင့် ပတ်သက်၍ (၁၉) လမ်းရှိ ဆိုင်ပိုင်ရှင်အချို့က စည်းကမ်းတကျဖြစ်သွားသဖြင့် ပိုမိုကောင်းမွန်လာသည်ဟု ပြောဆိုမှုများရှိသော်လည်း၊ လမ်းဘေးဈေးသည်များနှင့် အသေးစားစီးပွားရေးလုပ်ကိုင်သူအများစုမှာမူ နေရာပျောက်ဆုံးကာ အခြေခံစားဝတ်နေရေး ကျပ်တည်းမှုများနှင့် စတင်ကြုံတွေ့နေရပြီဟု ပြောဆိုကြသည်။

ဤစီမံချက်နှင့်ပတ်သက်၍ အဓိကရိုက်ခတ်မှုဖြစ်စေသည့် နောက်ခံအကြောင်းရင်းမှာ လွန်ခဲ့သည့် သီတင်းပတ်အတွင်းက ရန်ကုန်မြို့ရှိ ကေတီဗွီ (KTV)၊ ကလပ် (Club) နှင့် ဘား (Bar) စသည့် ညဖျော်ဖြေရေးလုပ်ငန်းများနှင့် အပန်းဖြေစရာနေရာများအားလုံးကို ည ၁၁ နာရီ နောက်ဆုံးထား၍ ပိတ်သိမ်းရန် စစ်အုပ်စုက ညွှန်ကြားချက်စာများ ထုတ်ပြန်ကာ လိုက်လံတင်းကျပ်နေသည့် ဖြစ်စဉ်ပင်ဖြစ်သည်။

ရန်ကုန်မြို့၏ ညစီးပွားရေးမှာ စစ်အာဏာသိမ်းမှုနောက်ဆက်တွဲ ဧည့်စာရင်းစစ်ဆေးမှု၊ တရားဥပဒေစိုးမိုးမှု ကင်းမဲ့လာမှုနှင့် ညမထွက်ရအမိန့် (Curfew) များကြောင့် အသက်ရှူရကြပ်နေသည့်အပြင်၊ ယခုကဲ့သို့ ည ၁၁ နာရီပိတ်သိမ်းရန် ထပ်မံဖိအားပေးလာမှုကြောင့် ညဈေးတန်းများနှင့် အဖျော်ယမကာဆိုင်များ၏ လုပ်ငန်းလည်ပတ်ချိန်မှာ တစ်စတစ်စ ပိုမိုကျဉ်းမြောင်းလာခဲ့ရပြီဖြစ်သည်ဟု စီးပွားရေးကျွမ်းကျင်သူများက ထောက်ပြသည်။

နိုင်ငံရေးနှင့် စီးပွားရေးလေ့လာသုံးသပ်သူများကမူ စစ်အုပ်စုသည် ပြည်တွင်းတွင် စစ်ရေးအရ ရှုံးနိမ့်မှုများပြားကာ နိုင်ငံတကာသံတမန်ရေးတွင် အထီးကျန်ဖြစ်နေရမှုကို ဖုံးကွယ်ရန်အတွက် ရန်ကုန်ကဲ့သို့ မြို့ကြီးများတွင် မြိုပြပုံမှန်လည်ပတ်နေသည်ဟူသော သွေးအေးပြ ဝါဒဖြန့်မှုကို လုပ်ဆောင်လိုသဖြင့် ယခုကဲ့သို့ (၁၉) လမ်းကို နိုင်ငံတကာအဆင့်မီ လုပ်ပြမည်ဟု ကြွေးကြော်နေခြင်းဖြစ်ကြောင်း ထောက်ပြကြသည်။

(၁၉) လမ်းသည် ပြည်တွင်း၊ ပြည်ပ နိုင်ငံခြားသားခရီးသွားများနှင့် လူငယ်လူရွယ်များ ညဘက် လွတ်လပ်ပေါ့ပါးစွာ လာရောက်အပန်းဖြေ အကင်စား၊ ဘီယာသောက်ရာ ညဈေးသက်သက်ဖြင့် သက်ရှိထင်ရှားရှိနေသည့် နေရာတစ်ခု ဖြစ်သည်။

သို့သော် ညဈေးတန်း၏ သဘာဝဖြစ်သည့် လမ်းဘေးခုံခင်းရောင်းချမှုကို ဖြိုဖျက်ခြင်း၊ ကားလမ်းရှင်းရန်ဆိုကာ ဆိုင်များကို ကန့်သတ်ခြင်းနှင့် အဆိုးဆုံးအနေဖြင့် ည ၁၁ နာရီ လုပ်ငန်းများအပြီးပိတ်ရန် ညွှန်ကြားထားခြင်းတို့သည် နိုင်ငံတကာအဆင့်မီ ညဈေးတန်းဆိုသည့် ခေါင်းစဉ်နှင့် လုံးဝဆန့်ကျင်ဘက် ဖြစ်နေသည်။

ညဘက် လွတ်လပ်လုံခြုံစွာ သွားလာခွင့်နှင့် တရားဥပဒေစိုးမိုးမှု မရှိဘဲ အလှမီးပုံးများ အတင်းအကျပ်ချိတ်ဆွဲကာ ဟန်ပြလုပ်ဆောင်နေသည့် စစ်အုပ်စု၏ ရက် ၁၀၀ စီမံချက်သည် ရေရှည်တွင် ခရီးသွားများကို ဆွဲဆောင်နိုင်မည်မဟုတ်ဘဲ၊ မိရိုးဖလာရောင်းချလာသည့် ဒေသခံတို့၏ စီးပွားရေးအဆောက်အအုံကိုသာ ပျက်စီးစေပြီး ရန်ကုန်မြို့၏ ညဘက်သက်ဝင်လှုပ်ရှားမှုကို သေဆုံးသွားစေမည့် လုပ်ရပ်သာဖြစ်ကြောင်း ပြင်းပြင်းထန်ထန် ဝေဖန်သုံးသပ်ထားကြသည်။

ပြီးခဲ့သည့်အရပ်သားအစိုးရ NLD လက်ထက်အတွင်း ကမ်းနားလမ်းတစ်လျှောက် ရန်ကုန်ညဈေးတန်းကို ဖော်ဆောင်ခဲ့သော်လည်း မအောင်ခဲ့ပေ။

စာတည်း – ကိုထားဝယ်
ဓာတ်ပုံ – လူမှုကွန်ရက်