ထိုင်းရောက် မြန်မာဒုက္ခသည် ၅၅၀၀ ကျော် တရားဝင်အလုပ်လုပ်ခွင့်ရ၊ အာရှနိုင်ငံများအတွက် စံနမူနာပြဖြစ်နိုင်ဟု ကုလဆို

By Bangkok Post

ထိုင်းအစိုးရက ပြီးခဲ့သည့်နှစ်အတွင်း ရွှေ့ပြောင်းလုပ်သား ကန့်သတ်ချက်များကို လျှော့ချပေးခဲ့ပြီးနောက် ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းများတွင် နေထိုင်သည့် မြန်မာဒုက္ခသည် ၅,၅၀၀ ကျော် တရားဝင် အလုပ်အကိုင်များ ရရှိခဲ့ကြသည်ဟု ရိုက်တာနှင့် ထိုင်းသတင်းများအရ သိရသည်။

ယခုကဲ့သို့ ထိုင်းနိုင်ငံ၏ ချဉ်းကပ်ဆောင်ရွက်မှုသည် ဒေသတွင်းနိုင်ငံများအတွက် စံနမူနာပြ အတုယူစရာဖြစ်ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အဆင့်မြင့်အရာရှိတစ်ဦးက ရိုက်တာသတင်းဌာနသို့ ပြောကြားသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) အစိုးရအဖွဲ့က နိုင်ငံခြားအကူအညီများကို လျှော့ချလိုက်ခြင်းကြောင့် ကမ္ဘာလုံးဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရန်ပုံငွေများ သိသိသာသာ လျော့နည်းလာခြင်းနှင့်အတူ တစ်ဖက်တွင်လည်း ကမ္ဘောဒီးယားနိုင်ငံနှင့် လက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားကာ ထိုင်းနိုင်ငံအတွင်း လုပ်သားရှားပါးမှုပြဿနာနှင့် ရင်ဆိုင်နေရခြင်းတို့ကြောင့် ထိုင်းအစိုးရက ယခုကဲ့သို့ မူဝါဒပြောင်းလဲမှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ယင်းမူဝါဒ ပြောင်းလဲမှုအရ လက်ရှိတွင် နယ်စပ်တစ်လျှောက်ရှိ ဒုက္ခသည်စခန်း ၉ ခုတွင် ဆယ်စုနှစ်ပေါင်းများစွာ လူသားချင်းစာနာမှုအကူအညီများကိုသာ မှီခိုနေထိုင်ခဲ့ရသည့် မြန်မာဒုက္ခသည် ၈၀,၀၀၀ ခန့်ကို ထိုင်းနိုင်ငံအတွင်း တရားဝင် လုပ်ကိုင်ခွင့်ပြုထားပြီ ဖြစ်သည်။

သို့သော် ကျန်ခဲ့သည့်နှစ်အတွင်း ၅၅၀၀ ဦးကျော်သာ အလုပ်လုပ်ကိုင်ခွင့်ရခဲ့ခြင်းကြောင့် ရှိနေသည့်ဒုက္ခသည်ပမာဏဖြင့် နှိုင်းယှဉ်ပါက အလွန်နည်းပါးသည့်ပမာဏတွင်သာရှိနေသေးသည်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ စစ်ဆင်ရေးဆိုင်ရာ လက်ထောက်မဟာမင်းကြီး ရာအော့ဖ် မာဇူး (Raouf Mazou) က ထိုင်းနိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုများသည် ရေရှည်ရွှေ့ပြောင်းအခြေချမှုပြဿနာများနှင့် ရင်ဆိုင်နေရသည့် အရှေ့တောင်အာရှရှိ အခြားနိုင်ငံများအတွက် စံနမူနာတစ်ခု ဖြစ်လာနိုင်ကြောင်း ရိုက်တာနှင့် အင်တာဗျူးတွင် ပြောကြားသည်။

ယခုချဉ်းကပ်ပုံသည် ဒုက္ခသည်အများအပြားကို လက်ခံထားရသည့် ဘင်္ဂလားဒေ့ရှ်နှင့် မလေးရှားကဲ့သို့သော နိုင်ငံများအတွက် သင်ခန်းစာကောင်းများ ပေးစွမ်းနိုင်ပြီး၊ ဒုက္ခသည်များအနေဖြင့် ဥပဒေကြောင်းအရ အကာအကွယ်နှင့် အစိုးရ၏ ကြီးကြပ်မှုအောက်တွင် ရှိနေစဉ်မှာပင် အိမ်ရှင်နိုင်ငံ၏ စီးပွားရေးကို မည်သို့အထောက်အကူပြုနိုင်သည်ကို ပြသရာရောက်ကြောင်း ၎င်းက ဆိုသည်။

ထို့ပြင် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလအတွင်းက အစီအစဉ်စတင်ခဲ့ပြီးနောက်၊ ဒုက္ခသည်လုပ်သားများအနေဖြင့် ဥပဒေကြောင်းအရ အကာအကွယ်များ၊ ကျန်းမာရေးစောင့်ရှောက်မှုလွှမ်းခြုံမှုနှင့် အနည်းဆုံး အခြေခံလုပ်ခလစာတို့ကို အပြည့်အဝရရှိစေရန် ထိုင်းအာဏာပိုင်များက အလုပ်ရှင်များနှင့် ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း မာဇူးက ရှင်းလင်းပြောကြားသည်။

ထိုစီမံချက်၏ အစိတ်အပိုင်းတစ်ခုအဖြစ် ဒုက္ခသည်များကို ဘဏ်အကောင့်ဖွင့်လှစ်နိုင်ရန်၊ မိုဘိုင်းဆင်းမ်ကတ် (SIM) များ ဝယ်ယူနိုင်ရန်နှင့် ၎င်းတို့၏ တရားဝင်ရပ်တည်မှုကို အတည်ပြုနိုင်ရန်အတွက် အထူးမှတ်ပုံတင်ကတ်ပြားများ ထုတ်ပေးထားကြောင်း ဆိုသည်။

ယင်းအချက်သည် ၎င်းတို့အား ထိုင်းနိုင်ငံ၏ တရားဝင်စီးပွားရေးစနစ်အတွင်းသို့ ပေါင်းစည်းရန်အတွက် အရေးကြီးသော ခြေလှမ်းဖြစ်ကြောင်း ဆက်လက်ထောက်ပြထားသည်။

ကုလသမဂ္ဂ တာဝန်ရှိသူများ၏ လက်ရှိခန့်မှန်းချက်များအရ လာမည့်နှစ်အတွင်း ဒုက္ခသည် ၁၀,၀၀၀ မှ ၂၀,၀၀၀ အကြား အလုပ်အကိုင်များ ထပ်မံရရှိနိုင်ဖွယ်ရှိသော်လည်း၊ ယင်းတိုးတက်မှုအရှိန်အဟုန်မှာ ရုံးပိုင်းဆိုင်ရာ အုပ်ချုပ်ရေးလုပ်ငန်းစဉ်များနှင့် မြေပြင်အလုပ်အကိုင် ရရှိနိုင်မှုအခြေအနေများအပေါ်တွင် မူတည်နေသည်ဟု သိရသည်။

သို့သော် ဒုက္ခသည်များအနေဖြင့် လွတ်လပ်စွာ သွားလာခွင့် ကန့်သတ်ချက်များနှင့် စခန်းတွင်း ဆယ်စုနှစ်ပေါင်းများစွာ ခိုလှုံခဲ့ရသည့် ဘဝပုံစံမှ ပြင်ပလူမှုပတ်ဝန်းကျင်သို့ လိုက်လျောညီထွေဖြစ်အောင် နေထိုင်ရမည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရဆဲဖြစ်သည်။

“ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်ခြင်းဟာ လူတွေကို မိမိတို့ရဲ့ မူလနိုင်ငံဆီ ပြန်တဲ့အခါမှာပဲဖြစ်ဖြစ်၊ တခြားနိုင်ငံတစ်ခုခုမှာ ပြန်လည်အခြေချတဲ့အခါမှာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် အခုလက်ရှိရောက်နေတဲ့ နေရာမှာပဲ ဒေသခံတွေနဲ့ ပေါင်းစည်းနေထိုင်တဲ့အခါမှာပဲဖြစ်ဖြစ် များစွာ အထောက်အကူပြုစေမှာဖြစ်ပါတယ်” ဟု UNHCR လက်ထောက်မဟာမင်းကြီး မာဇူးက သုံးသပ်ပြောကြားသည်။