စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မော်လူးမြို့၊ ပဲခူးရွာ အထက်တန်းကျောင်းကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ၁၂တန်းကျောင်းသူတစ်ဦးသေဆုံးပြီး ၂ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယနေ့ ( ဇန်နဝါရီ ၂ရက် ) နံနက် ၁နာရီ ၁၇မိနစ်ခန့်က အင်းတော်မြို့နယ်၊ မော်လူးမြို့၊ ပဲခူးရွာရှိ စာသင်ကျောင်းကို စစ်တပ်က ဂျက်ဖိုက်တာတစ်စင်းဖြင့် ဗုံးသီး ၂လုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း Indaw Revolution – IR ထံက သိရသည်။
” စာသင်ကျောင်းရဲ့ဘေးနားကို ဗုံးသီး ၂လုံးစလုံး ကျတာဗျ။ ဗုံးသီးအမျိုးအစားတော့ မသိရဘူး။ ကျောင်းဖွင့်ရက်ဖြစ်တော့ ကျောင်းမှာ ကျောင်းသားတွေလည်း ရှိတယ်။ ကျောင်းမှာ တခြားရွာတွေ ကနေ ကျောင်းအိပ်ကျောင်းစား လာနေနေကြတဲ့ အဆောင်နေကျောင်းသားတွေရှိတယ်။ ဒီကျောင်းသားတွေ ထိခိုက်တာပါ ” ဟု Indaw Revolution – IR မှ တာဝန်ရှိသူတစ်ဦးက MPA ကို ပြောသည်။
သေဆုံးသွားသည့် ကျောင်းသူသည် အင်းတော်မြို့နယ် တောင်ဖီလာကျေးရွာမှ လာရောက်ပညာ သင်ကြားနေသည့် ၁၂တန်းကျောင်းသူဖြစ်ကာ ဒဏ်ရာရ ၁၂ တန်းကျောင်းသူနှစ်ဦး၏ နေရပ်ကိုမူ မသိရှိရသေးပေ။
” ဒဏ်ရာရရှိတဲ့ကျောင်းသူတွေ ဆေးဝါးကုသမှုတော့ ခံယူနေပါပြီ။ စိုးရိမ်ရ၊မရတော့ မသိရသေး ပါဘူး။ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လာပစ်တာပါ။ ဗုံးကြဲမှုကြောင့် စာသင်ကျောင်းက အဆောက် အအုံတွေနဲ့ နေအိမ်တချို့ ပျက်စီးခဲ့ပါတယ်” ဟု ၎င်းကဆက်လက်ပြောသည်။
ပဲခူးရွာစာသင်ကျောင်းသည် ရွာ၏အပြင်ဘက်တွင် တည်ရှိပြီး စစ်တပ်၏ ဗုံးကြဲမှုကြောင့် ပိတ်ထားလိုက်ရပြီဖြစ်ကြောင်း သိရသည်။
၂၀၂၁ ခု၊ စစ်အာဏာသိမ်းချိန်မှစ၍ ၂၀၂၅ နှစ်ကုန်အထိ စစ်တပ်၏ သတ်ဖြတ်မှုများကြောင့် အမျိုးသမီး ၁၉၈၆ ဦးသေဆုံးခဲ့ပြီး စစ်ကိုင်းတိုင်းမှ အများဆုံးသေဆုံးခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း ( AAPP ) ၏ မှတ်တမ်းများအရ သိရသည်။
စာတည်း-ML
