မကွေးတိုင်း၊ ပခုက္ကူမြို့တွင်းရှိ စက်ရုံစောင့်ရဲများကို PDF တို့ လျှပ်တစ်ပြက် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ၄ ဦးသေဆုံးပြီး သေနတ် ၃ လက် သိမ်းဆည်းရရှိခဲ့ကြောင်းသိရသည်။
ယနေ့ (စက်တင်ဘာ ၂၂ ရက်) နံနက် ၁ နာရီ မိနစ် ၄၀ ခန့်တွင် ပခုက္ကူမြို့၊ ရထားဘူတာရုံအနီး ဇလီဖားတုံးစက်ရုံအတွင်းရှိ ရဲ ၅ဦးကို PDFရဲဘော် ၇ဦးက လျှပ်တစ်ပြက်ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပခုက္ကူမြို့နယ်ပကဖ တပ်ရင်းတစ် ( Pakokku Special Task Force ) က သတင်းထုတ်ပြန်သည်။
” တပ်စွဲထားတဲ့ ပုံစံမျိုးတော့မဟုတ်ဘူး။ အဲ့မှာ ၅ယောက်ရှိတာ။ ဇလီဖားတုံးစက်ရုံရဲ့ အစောင့်ပုံစံမျိုးထားတာပေါ့။ စောင့်ကင်းပုံစံမျိုးထားတာပေါ့။ တစ်ယောက်ကတော့ လွတ်သွားတယ်။ အဲ့မှာ ၄ယောက်သေတယ်” ဟု ပခုက္ကူမြို့နယ်ပကဖ တပ်ရင်းတစ် ( Pakokku Special Task Force) သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်မှိုင်းက MPA သို့ပြောသည်။
ယင်းစက်ရုံသည် မီတာ ၂၀၀ ဝန်းကျင်စီသာဝေးသည့် စက်မှုဇုန် ၆လမ်းဂိတ်နှင့် ခလရ ၂၅၉တပ်နှစ်ခုကြားရှိသည့်အတွက် ပစ်ခတ်ချိန် မကြာမြင့်သလို ရန်သူ့ဘက်ကလည်း ပြန်လည်ပစ်ခတ်နိုင်ခြင်းမရှိကြောင်း သိရသည်။
” ပစ်ခတ်မှုက သိပ်မကြာလိုက်ဘူး။ အနီးကပ် ကပ်ပြီး ပစ်တာဆိုတော့။ ပစ်ခတ်မှု ၅မိနစ်လောက်ကြာပြီးတော့ ပြန်ထွက်လာတာပေါ့။ ခွေးဂိတ် ၂ဂိတ်ကြားဝင်ပစ်တာဆိုတော့ ပစ်ခတ်ချိန်က သိပ်မကြာဘူး” ဟု ၎င်းက ဆက်လက်ပြောသည်။
ယင်းတိုက်ခိုက်မှု၌ G3 သေနတ်တစ်လက်၊ကာဘိုင်တစ်လက်၊AK တစ်လက်နှင့်ကျည်၅၀ခန့် သိမ်းဆည်းရရှိခဲ့ပြီး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။
ပစ်ခတ်မှုဖြစ်ပွားပြီး မကြာမီ သေဆုံးသွားသည့် ရဲအလောင်းများကို စစ်တပ်က ပခုက္ကူမြို့ထဲသို့ လူနာတင်ယာဉ်ဖြင့် သယ်ဆောင်သွားကြောင်းသိရသည်။
ပခုက္ကူမြို့နယ်တွင် စစ်ကော်မရှင် ပြုလုပ်မည့် အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်းပြသသည့်အနေဖြင့် ယင်းမြို့တွင်းမစ်ရှင်အား ကြိုးစားဖော်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူများအနေဖြင့်လည်း အတုအယောင်ရွေးကောက်ပွဲ၌ ပူးပေါင်းပါဝင်ခြင်း မပြုရန် ပခုက္ကူမြို့နယ်ပကဖ တပ်ရင်းတစ် ( Pakokku Special Task Force )က မေတ္တာရပ်ခံထားသည်။
ရဲများ သေဆုံးမှုကို MPA အနေနှင့်သီးခြားအတည်မပြုနိုင်ပေ။
