ဒေါ်အောင်ဆန်းစုကြည်မွေးနေ့တွင် ပြည်လုံးကျွတ် နှင်းဆီလှုပ်ရှားမှု ဆင်နွှဲမည်

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့် မွေးနေ့တွင် ပြည်လုံးကျွတ် နှင်းဆီ လှုပ်ရှားမှု ဆင်နွှဲကြရန် အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု GSCB က လှုံ့ဆော် လိုက်သည်။

လာမည့် ဇွန်လ၁၉ရက်တွင် နှင်းဆီလှုပ်ရှားမှုအဖြစ် မိမိဒေသနှင့် လုံခြုံရေးအခြေအနေများအပေါ် မူတည်ကာ နှင်းဆီပန်း (သို့မဟုတ်) ရရှိနိုင်သည့် အခြားပန်းတစ်မျိုးမျိုးကို ဘုရားတင်ခြင်း၊ ပန် ဆင်ခြင်း၊ အပြန်အလှန် ဝေငှခြင်းများ ပြုလုပ်ရန်။ အွန်လိုင်းကမ်ပိန်းအဖြစ် မိမိတို့ ပန်ဆင်/ ကိုင် ဆောင်ထားသော ပန်းဓာတ်ပုံများကို ဆိုရှယ်မီဒီယာများပေါ် တင်ပြီး အွန်လိုင်းမှ ပါဝင်ရန်နှင့် မြေ ပြင်သပိတ်လှုပ်ရှားမှုများတွင် နှင်းဆီပန်းများ ကိုင်ဆောင်ပြီး ပါဝင်ရန် GSCB က ယနေ့(ဇွတ်၁၃ရက်) ထုတ်ပြန်သည်။

ငုံ့မခံဘဲ တုံ့ပြန်မည့် သံမဏိ နှင်းဆီဖြစ်ကြောင်း ပြည်လုံးကျွတ် နှင်းဆီလှုပ်ရှားမှုကြီးအဖြစ် ထပ်လောင်း သက်သေတည်လိုက်ကြရန် GSCB က ဆိုသည်။

“လုပ်ချင်တယ်။ပါဝင်ချင်တယ်။အမေစုဆိုတာ တစ်ခေတ်မှာ တစ်ယောက် ပေါ်ထွန်းဖို့တောင် မလွယ် တဲ့ တိုင်းပြုပြည်ပြုပုဂ္ဂိုလ်ကြီးပါ။ဒါပေမဲ့၊စစ်တပ် ထိန်းချုပ်ထားတဲ့ ရန်ကုန်မှာ အွန်လိုင်းကနေ ပါဝင် ဖို့တောင် မလွယ်ဘူး”ဟု အသက်၅၀ကျော်အရွယ်ရှိ ရန်ကုန်အခြေစိုက် စာပေလောကသားတစ်ဦးက MPAသို့ပြောသည်။

အမေစုနှင့်အတူ ဆက်လက်တိုက်ပွဲဝင်ကြရန်၊ စစ်အုပ်စု၏ မတရားဖိနှိပ်မှု၊ အဓမ္မစစ်မှုထမ်းခိုင်းမှု များနှင့် ဟန်ပြနိုင်ငံရေး ခြေလှမ်းများကို ပြည်သူလူထုက လုံးဝလက်မခံကြောင်း နှင်းဆီလှုပ်ရှား မှုကြီးနဲ့ အတူတကွ သက်သေပြကြရန်လည်းGSCB က ဆိုသည်။