အမေရိကန်နှင့် တရုတ်နိုင်ငံကြား ပထဝီနိုင်ငံရေးနှင့် နည်းပညာဆိုင်ရာ အားပြိုင်မှုများ ပိုမိုပြင်းထန်လာနေစဉ် တရုတ်စစ်တပ်ကို ကူညီပံ့ပိုးနေသည်ဟုဆိုကာ တရုတ်ထိပ်တန်းနည်းပညာနှင့် စီးပွားရေးကုမ္ပဏီကြီးများကို အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်က နာမည်ပျက်စာရင်းသွင်းခဲ့သည့်အပေါ် တရုတ်အစိုးရက အပြင်းအထန်မကျေနပ်ကြောင်းနှင့် ပြတ်ပြတ်သားသား ပြန်လည်လက်တုံ့ပြန်သွားမည်ဖြစ်ကြောင်း တရားဝင်သတိပေးလိုက်သည်။
ဇွန်လ ၁၃ ရက် ယနေ့တွင် တရုတ်စီးပွားကူးသန်းဝန်ကြီးဌာနက ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ပြီး အမေရိကန်၏ လုပ်ရပ်ကို ပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့သည်။
ပင်တဂွန်စစ်ဌာနချုပ်သည် ပြီးခဲ့သည့် တနင်္လာနေ့က တရုတ်စစ်ဘက်နှင့် ပတ်သက်မှုရှိသည့် ကုမ္ပဏီစာရင်းကို နောက်ဆုံးအဆင့် အဆင့်မြှင့်တင်ထုတ်ပြန်ခဲ့ရာ အဆိုပါစာရင်းတွင် ကမ္ဘာကျော်အွန်လိုင်းအရောင်းအဝယ်ကုမ္ပဏီကြီးဖြစ်သော Alibaba၊ အင်တာနက်ရှာဖွေရေးအင်ဂျင် Baidu တို့အပြင် လျှပ်စစ်ကားထုတ်လုပ်သည့် ထိပ်တန်းကုမ္ပဏီများဖြစ်သော BYD၊ NIO နှင့် ကမ္ဘာ့အကြီးဆုံး ဆိုလာပြားထုတ်လုပ်သည့် Trina Solar နှင့် JA Solar Technology ကုမ္ပဏီကြီးများပါ ပါဝင်လာသည်။
အမေရိကန်ဘက်ကမူ ယင်းကုမ္ပဏီများသည် ပေကျင်းအစိုးရ၏ စစ်ဘက်နှင့် စက်မှုလုပ်ငန်းကဏ္ဍ အဆင့်မြှင့်တင်ရေးတွင် အဓိကကျသဖြင့် အမျိုးသားလုံခြုံရေးအရ စိုးရိမ်မှုများကြောင့် ပိတ်ဆို့ရခြင်းဖြစ်ကြောင်း ဆိုသည်။
သို့သော် တရုတ်စီးပွားကူးသန်းဝန်ကြီးဌာနက အမေရိကန်အနေဖြင့် အဆိုပါမှားယွင်းသော လုပ်ရပ်များကို ချက်ချင်းရပ်တန့်ကာ ကန့်ကွက်ချက်များကို ရုပ်သိမ်းရန်နှင့် တရုတ်ကုမ္ပဏီများကို မျှတစွာမဆက်ဆံပါက ပေကျင်းအစိုးရအနေဖြင့် ပြတ်ပြတ်သားသားနှင့် အင်အားသုံး၍ မလွဲမသွေ ပြန်လည်လက်တုံ့ပြန်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ ပေကျင်းမြို့တွင် တွေ့ဆုံပြီး ကုန်သွယ်ရေးစစ်ပွဲ ယာယီအပစ်ရပ်စဲရန် သဘောတူညီမှုရရှိခဲ့အပြီး တစ်လအကြာတွင် ပင်တဂွန်၏ ပိတ်ဆို့မှု ထွက်ပေါ်လာခြင်းဖြစ်သည်။
တရုတ်အစိုးရက ပင်တဂွန်၏ လုပ်ရပ်သည် ခေါင်းဆောင်နှစ်ဦးကြား ရရှိထားသည့် ဘုံသဘောတူညီချက်ကို မျက်ကွယ်ပြုလိုက်ခြင်းဖြစ်ကြောင်း စွပ်စွဲပြစ်တင်ထားသည်။
အမေရိကန်ဥပဒေအရ အဆိုပါ နာမည်ပျက်စာရင်းဝင် ကုမ္ပဏီများသည် လာမည့် ၂၀၂၇ ခုနှစ်မှစ၍ အမေရိကန်စစ်ဌာနချုပ်နှင့် တိုက်ရိုက်စာချုပ်ချုပ်ဆိုခွင့် ပိတ်ပင်ခံရမည်ဖြစ်ပြီး တတိယအဖွဲ့အစည်းများမှတစ်ဆင့် ဝန်ဆောင်မှုနှင့် ကုန်ပစ္စည်းဝယ်ယူခြင်းကိုပါ ကန့်သတ်ခံရမည်ဖြစ်သည်။
ဒေါ်နယ်ထရမ့်၏ ဒုတိယသက်တမ်းအတွင်း အမေရိကန်နှင့် တရုတ်နိုင်ငံကြား နည်းပညာနှင့် စီးပွားရေးဆိုင်ရာ ထိပ်တိုက်တွေ့ဆုံမှုများ ပိုမိုနက်ရှိုင်းလာနေပြီး ပေကျင်းအစိုးရက ခြိမ်းခြောက်ထားသကဲ့သို့ အမေရိကန်အပေါ် တုံ့ပြန်မှုများ တကယ်လုပ်ဆောင်လာပါက ကမ္ဘာ့စီးပွားရေးယန္တရားနှင့် နည်းပညာကွင်းဆက်တစ်ခုလုံးအပေါ် ကြီးမားစွာ ရိုက်ခတ်ပျက်စီးသွားနိုင်ကြောင်း နိုင်ငံတကာစီးပွားရေးလေ့လာသူများက သုံးသပ်နေကြသည်။
