မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် အခြေခံပြည်သူများ ကုန်ဈေးနှုန်းကြီးမြင့်မှုဒုက္ခကို အလူးအလဲ ခံစားနေရပြီး ရှင်သန်ရပ်တည်ရေးအတွက် ရုန်းကန်နေရချိန်တွင် စစ်အုပ်စု၏ ဟန်ပြလွှတ်တော်တုအတွင်း မြေပြင်အခြေအနေနှင့် ဖီလာဆန့်ကျင်သည့် အမေးအဖြေ ပြဇာတ်များဖြင့် ဗြောင်ကျကျ ဆင်ခြေပေးလိမ်လည်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဇွန်လ ၁၂ ရက် ယမန်နေ့က ပြုလုပ်ခဲ့သော စစ်အုပ်စု၏ လွှတ်တော်တုအစည်းအဝေးတွင် ရွေးကောက်ပွဲအတုမှ တက်လာသည့် ကမာရွတ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကိုကိုသင်းက အခြေခံစားသောက်ကုန်နှင့် ဆေးဝါးဈေးနှုန်းများ အဆမတန် မြင့်တက်နေခြင်းသည် ပြည်သူများ၏ ရှင်သန်ရပ်တည်ရေးကို စိန်ခေါ်နေပြီဖြစ်ကြောင်း ထည့်သွင်းမေးမြန်းခဲ့သည်။
၎င်းက အာဆီယံဒေသတွင်းနိုင်ငံများ၏ သာဓကကို နမူနာယူ၍ ပြည်သူများ နေ့စဉ်သုံးစွဲနေရသော ကုန်စည်များအပေါ် စည်းကြပ်ထားသည့် သွင်းကုန်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်များကို ကာလတို ယာယီဖြေလျော့ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့ခြင်းဖြစ်သည်။
အဆိုပါ မေးခွန်းနှင့် စပ်လျဉ်း၍ စစ်အုပ်စု၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတု ဦးထွန်းအုံက မြေပြင်က အခြေခံလူထု ကြုံတွေ့နေရသည့် အကျပ်အတည်းများကို လုံးဝမျက်ကွယ်ပြုကာ ၎င်းတို့အနေဖြင့် အခြေခံစားကုန်နှင့် ဆေးဝါးအုပ်စုပေါင်းများစွာကို အခွန်ကင်းလွတ်ခွင့် ပေးထားပြီးဖြစ်ကြောင်း ကိန်းဂဏန်းများပြ၍ ခုခံကာကွယ်သွားသည်။
ဝန်ကြီးတု ဦးထွန်းအုံ၏ ပြောကြားချက်အရ ပြည်တွင်းဆေးဝါးထုတ်လုပ်မှု ကုန်ကျစရိတ် လျှော့ချရန် ဆေးဝါးကုန်ကြမ်း ၄၅၄ မျိုးကို ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့် ပြုထားပြီးဖြစ်ကြောင်းနှင့် အခြေခံစားကုန်များ၏ နေ့စဉ်ဈေးနှုန်းကို စိစစ်သုံးသပ်ကာ ဆက်စပ်ဌာနများနှင့် ပေါင်းစပ်၍ ဈေးနှုန်းတည်ငြိမ်အောင် အမြဲမပြတ် လုပ်ဆောင်ပေးနေကြောင်း ဗြောင်ကျကျ လိမ်လည်ပြောဆိုသည်။
ထို့ပြင် ပြည်သူများ ဈေးနှုန်းကြီးမြင့်စွာ ဝယ်ယူစားသုံးနေရသည့် စားအုန်းဆီနှင့် ပတ်သက်၍လည်း စစ်အုပ်စုဗဟိုဘဏ်၏ ကန့်သတ်ငွေလဲနှုန်း ၂၁၀၀ ကျပ်နှင့် FX Online Trade နှုန်းများကို အခြေခံကာ စားအုန်းဆီ ရည်ညွှန်းဈေးနှုန်းများကို အပတ်စဉ် စနစ်တကျ ထုတ်ပြန်ပေးနေသည်ဟု ဆင်ခြေပေး ရှင်းလင်းသည်။
ယင်းအပြင် စက်သုံးဆီအပေါ် အခွန်ကင်းလွတ်ခွင့် ပြုထားသလို သွင်းကုန်အစားထိုးရန် MSME လုပ်ငန်းရှင်များကို သက်သာသော အတိုးနှုန်းဖြင့် ချေးငွေများ ပံ့ပိုးပေးနေသည်ဟူသော လက်တွေ့မြေပြင်နှင့် ကင်းကွာနေသည့် မူဝါဒစာရွက်စာတမ်းများကိုသာ လွှတ်တော်တုအတွင်း တဖွဖွ ဖတ်ကြားသွားသည်။
စစ်အာဏာသိမ်းမှု ၅ နှစ်ကျော်ကာလအတွင်း တိုင်းပြည်စီးပွားရေး တစ်စစီပျက်စီးပြီး ပြည်သူများ ကုန်ဈေးနှုန်းငရဲကို သမိုင်းတလျှောက် အဆိုးဆုံး ခံစားနေရချိန်တွင် စစ်အုပ်စု လွှတ်တော်တု၏ အမေးအဖြေ ပြဇာတ်မှာ ပြည်သူလူထုတစ်ရပ်လုံးကို လှည်းစားခြင်းသာ ဖြစ်ကြောင်း ဝေဖန်မှုများ ထွက်ပေါ်နေသည်။
စစ်အုပ်စု ဗဟိုဘဏ်၏ မှားယွင်းသော သတ်မှတ်ချက်များကြောင့် ပြင်ပဒေါ်လာဈေးနှင့် ကုန်ဈေးနှုန်းများ ခေါင်ခိုက်နေခြင်းဖြစ်ပြီး၊ ဝန်ကြီးတုများက ဌာနများ ပေါင်းစပ်၍ ဈေးကျအောင် လုပ်နေပါသည်ဟု ဘည်မျှပင် ဆင်ခြေပေးလိမ်လည်ပါစေ ပြည်သူများ၏ ဆာလောင်မွတ်သိပ်မှုနှင့် တကယ့်မြေပြင်ဒုက္ခကိုမူ စစ်အုပ်စု၏ ဟန်ပြဝါဒဖြန့်ချက်များဖြင့် ဘည်သို့မျှ ဖုံးကွယ်ထားနိုင်မည် မဟုတ်ပေ။
