စစ်ကိုင်းတိုင်း၊မော်လူးမြို့နယ်အတွင်း လယ်လုပ်နေသူ၃ဦး စစ်တပ်ကြဲချသည့် ဒရုန်းဗုံးထိမှန်ကာ သေဆုံးသွားကြောင်း Indaw Revolution- IR က သတင်းထုတ်ပြန်သည်။
မော်လူးမြို့အခြေစိုက် စစ်တပ်သည် ဒေသအခေါ် မောင်ဆောင်းကန်ဟု ခေါ်သော ပဲခူးရွာ အရှေ့ဘက်လယ်ကွင်းထဲသို့ ဇွန်လ၁၄ရက်၊နံနက်၁၁နာရီခန့်တွင် ဒရုန်းဖြင့် ဗုံး၂လုံးကြဲချခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။
“မျက်မြင်တော့မဟုတ်ဘူး။ဖုန်းသတင်းသိရတာပဲ ရှိတယ်။ ဗုံးကျကျချင်း လယ်သမား၂ယောက်က ပွဲ ချင်းပြီး သေသွားတယ်။နောက်တစ်ယောက်ကတော့ ရွာထဲ ပြန်သယ်ပြီး ဆေးကုနေတုန်း ထပ်ဆုံး တာပါ။ ၃ယောက်စလုံးက အမျိုးသားတွေ၊ပဲခူးရွာသားတွေလို့ သိရတယ်”ဟု ဒေသခံစစ်ရေးသတင်း ရင်းမြစ်က MPAသို့ပြောသည်။
ယင်းသို့ ဗုံးကြဲချချိန်တွင် ပဲခူးရွာနှင့် အနီးဝန်းကျင်တို့၌ တိုက်ပွဲဖြစ်ပွားနေခြင်း မရှိကြောင်း ၎င်းက ဆို သည်။
“တိုက်ပွဲမဖြစ်ဘဲ ဘာလို့ ဗုံးကြဲသလဲဆိုတော့ ကြဲချင်လို့ ကြဲတယ်လို့ပဲ ပြောရမှာပေါ့။ ဗုံးကြဲလို့ မဆိုင် တဲ့ပြည်သူတွေ ဘယ်လောက်ပဲသေသေ အရေးယူခံရတာမျိုးမှ မရှိတာ။သူကောင်းပြုခံရဖို့ပဲရှိတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
စစ်ကိုင်းတိုင်း အထက်ပိုင်း ကချင်ပြည်နယ်နှင့် ထိစပ်နေသော မော်လူးမြို့ကို ၂၀၂၃ခုနှစ်၊ဒီဇင်ဘာ တွင် တော်လှန်ရေးပူးပေါင်းတပ်က သိမ်းပိုက်ခဲ့ပြီး ၂နှစ်ကျော်အကြာ ယခုနှစ် မေ၅ရက်၌ စစ်တပ်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။
လတ်တလောတွင် မော်လူးမြို့ဝန်းကျင်၌ ရံဖန်ရံခါ မပြင်းထန်သည့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလေ့ ရှိသည်။
