By လက်ပံနီ / CANS [ ဆောင်းပါး ]
အမေရိကန်ပြည်ထောင်စုနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အကြား မကြာသေးမီက ပြုလုပ်ခဲ့သည့် သံတမန်ရေးအခင်းအကျင်းသည် မြန်မာ့ပဋိပက္ခကို ချဉ်းကပ်ရာ၌ အမှတ်လက္ခဏာ နိုင်ငံရေး (identity politics)၊ သင်္ကေတအခြေပြု စည်းရုံးလှုံ့ဆော်ခြင်း (symbolic advocacy) နှင့် နိုင်ငံရေး အစွန်းရောက် တရားသေ စွဲကိုင်မှုများကိုသာ မလွတ်တမ်း စွဲကိုင်လာခဲ့သည့် မြန်မာ့ နိုင်ငံရေး သက်ဆိုင်သူများနှင့် အရပ်ဖက် လူမှုအဖွဲ့အစည်းတို့အတွက် အပြောင်းအလဲ ဖိတ်ခေါ်သံ သို့မဟုတ် နှိုးဆော်သတိပေးသံ တစ်ရပ် ဖြစ်ခဲ့ပေသည်။
မြန်မာ့ပဋိပက္ခသည် လက်ရှိအချိန်၌ ရှုပ်ထွေးသည်ထက် ပို၍ ရှုပ်ထွေးသော အနေအထားသို့ ရောက်နှင့်နေပြီ ဖြစ်သည်။ လက်ရှိ မြန်မာ့ ပဋိပက္ခသည် ကုန်သွယ်ရေးအရ ရပ်တည်နိုင်မှု၊ ကုန်သွယ်ရေးလမ်းကြောင်းများ ထိန်းချုပ်ထားနိုင်မှု၊ နည်းပညာဆိုင်ရာ ဖက်စပ်လုပ်ဆောင်နိုင်မှုတို့အပေါ် အခြေတည်၍ ဖြစ်ထွန်းလာသည့် ခေတ်မီ စစ်စီးပွားရေးတစ်ရပ် (A Hyper-Modern War) အသွင် ရောက်ရှိနေပြီဟု ဆိုနိုင်ပေသည်။
အိုင်ဒီရော်လော်ဂျီသက်သက် သို့မဟုတ် လူမျိုးရေး သက်သက်ဖြင့် ယနေ့ဖြစ်နေသည့် တိုက်ပွဲများကို တိုင်းတာဆုံးဖြတ်၍ မရနိုင်တော့ပေ။ ကုန်သွယ်ရေးလမ်းကြောင်း၊ ငွေကြေးလည်ပတ်စီးဆင်းမှု၊ သယံဇာတအရင်းအမြစ် တည်ရှိမှုရပ်ဝန်းနှင့် နည်းပညာဆိုင်ရာ အဆောက်အဦတို့ကို မည်သူ ထိန်းချုပ်နေသနည်းဆိုသည့် အချက်ကို အရေးတကြီး ထည့်သွင်းစဉ်းစားရန် လိုအပ်လာသည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAO) များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များမှ အစပြု၍ ပျူစောထီးပြည်သူ့စစ်အဖွဲ့များ၊ နယ်ခြားစောင့်တပ် (BDF) များ အပါအဝင် မြန်မာစစ်တပ် စစ်အုပ်စုအဆုံး မြန်မာ့ပဋိပက္ခအတွင်း ပါဝင်နေသူ ဇာတ်ကောင်အားလုံး၏ ရေရှည်ရပ်တည်နိုင်မှုနှင့် လွှမ်းမိုးချုပ်ကိုင်နိုင်မှုတို့သည် အထက်တွင်ဖော်ပြခဲ့သည့် အချက်များကို ၎င်းတို့အနေဖြင့် မည်မျှ တိုက်ယူ ထိန်းချုပ်ထားနိုင်သနည်းဆိုသည့် အချက်ပေါ် မူတည်နေပေသည်။
ပဋိပက္ခအခင်းအကျင်းကို ဆန်းစစ်လေ့လာကြည့်သည့်အခါ လက်နက်ခဲယမ်း၊ ဆေးဝါး၊ လောင်စာ၊ အင်တာနက်နှင့် စားနပ်ရိက္ခာတို့အပေါ် ထိန်းချုပ်နိုင်မှုသည် နယ်မြေထိန်းချုပ်နိုင်မှုကဲ့သို့ပင် အရေးပါလှကြောင်း သိသာလွန်း လှသည်။
ရှမ်းပြည်နယ် မြောက်ပိုင်းမှ မန္တလေးအထိ၊ မြန်မာပြည် အလယ်ပိုင်း အညာဒေသမှ အနောက်ဘက်ဖျား ရခိုင်ပြည်နယ်အထိ ငွေကြေးနှင့် ကုန်သွယ်ရေးကွန်ရက်များ အလုပ်မဖြစ်ပါက လက်နက် ခဲယမ်းနှင့် စားနပ်ရိက္ခာ လက်လှမ်းမီနိုင်မှု ခဲယဉ်းသွားမည် ဖြစ်သည်။ ထိုကွန်ရက်များ အလုပ်မဖြစ်သည့် နယ်မြေထိန်းချုပ်မှုဟူသည် အနှစ်မပါသည့် မည်ကာမတ္တထိန်းချုပ်မှုသာ ဖြစ်နေပေလိမ့်မည်။
ထို့ကြောင့် ကျားကုတ်ကျားခဲ ဆင်နွှဲခဲ့ရသည့် အချို့သော တိုက်ပွဲကြီးများသည် နယ်မြေထိန်းချုပ်ရေး သက်သက်အတွက် မဟုတ်ဘဲ ကုန်သွယ်ရေးအရဗျူဟာမြောက်စင်္ကြံများ၊ သယ်ယူပို့ဆောင်ရေး အချက်အချာဇုန် များနှင့် သယံဇာတအရင်းအမြစ် ကြွယ်ဝသည့် ရပ်ဝန်းများကို ထိန်းချုပ်နိုင်ရေးအတွက် ဖြစ်ကြောင်း ရည်ညွှန်းဖော်ပြနေပေသည်။
လက်ရှိ ပဋိပက္ခအခင်းအကျင်း၌ အာဏာသည် နယ်မြေ ထိန်းချုပ်သည့်သူ၌သာ တည်ရှိနေခြင်းမဟုတ်။ ထိုနယ်မြေအတွင်း အုပ်ချုပ်မှု၊ ကုန်စည်နှင့် ငွေကြေးလည်ပတ်စီးဆင်းမှု၊ အခြားဒေသများ နှင့် ချိတ်ဆက်မှုတို့ကို လုပ်ဆောင်နေသည့်သူ၌လည်း တည်နေပေသည်။
စစ်ရေးအရ ထိန်းချုပ်ထားနိုင်မှု (military control) ကို နိုင်ငံရေးအာဏာ (political authority) အဖြစ် ပြောင်းလဲပေးရာ၌ စီးပွားရေးနှင့် အုပ်ချုပ်ရေးစနစ်များကို ရေရှည်လည်ပတ်စေနိုင်စွမ်းသည် အခရာ ဖြစ်လာသည်။
အကျဉ်းချုပ်ရသော် ခေတ်သစ်တော်လှန်ရေးကို နိုင်ငံရေးဇာတ်ကြောင်းသက်သက်ဖြင့် အနိုင်ယူပုံဖော်၍ မရနိုင်တော့ပေ။ တော်လှန်ရေးနှင့် လူထုကို ကျားကန်ထား နိုင်ရန်အလို့ငှါ အုပ်ချုပ်မှုစွမ်းရည်၊ အရင်းအမြစ်များကို စနစ်တကျ အသုံးချနိုင်သည့် စွမ်းရည်၊ ဆက်စပ် ယန္တရားများကို ရေရှည် လည်ပတ်စေနိုင်သည့် စွမ်းရည်တို့လိုအပ်ပြီး၊ သို့မှသာ ခေတ်သစ်တော်လှန်ရေးကို အနိုင်ဖော်ဆောင်နိုင်မည် ဖြစ်သည်။
နယ်စစ်ဂိတ်လမ်းကြောင်းများနှင့် သယံဇာတရင်းမြစ် စင်္ကြံများ
ရှမ်းမြောက်၊ ကရင်၊ ကချင်၊ ချင်း အပါအဝင် ထိုင်း၊ အိန္ဒိယ၊ တရုတ်တို့နှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် နေရာတစ်လျှောက် တိုက်ပွဲများအားလုံးသည် အကောက်ခွန်ဂိတ်များနှင့် နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေး လမ်းကြောင်းများကို ထိန်းချုပ်နိုင်ရေးနှင့် အပြန်အလှန် ဆက်စပ်နေသည်။
အဆိုပါ ဂိတ်လမ်းကြောင်းများကို ထိန်းချုပ်ထားနိုင်သူသည် အခွန်ကောက်ခံခြင်း၊ စည်းကြပ်ခြင်းတို့ကို ထိန်းချုပ်နိုင်မည် ဖြစ်ပြီး၊ သူသာလျှင် နိုင်ငံရေး ဩဇာအာဏာ ကို တည်ဆောက်နိုင်မည် ဖြစ်သည်။
ဤအချက်ကို မကြာသေးမီက ဖြစ်ပျက်ခဲ့သည့် ကွတ်ခိုင်အရေးက သက်သေထူနေပေသည်။ MNDAA သည် ၎င်းနှင့် ရေရှည်လက်တွဲခဲ့သည့် မဟာမိတ် TNLA ကို လက်တွဲဖြုတ်ခဲ့ပြီး ကွတ်ခိုင်မြို့တွင်းရှိ TNLA ၏ အုပ်ချုပ်ရေးယန္တရားများကို ဖျက်သိမ်းခဲ့သည်။ ကွတ်ခိုင်အရေးသည် စစ်ရေးရည်ရွယ်ချက်သက်သက် မဖြစ်တန်ရာ။ ကွတ်ခိုင်မြို့သည် မန္တလေး – မူဆယ် – တရုတ်တို့ကို ချိတ်ဆက်ပေးထားသည့် ကုန်သွယ်ရေးစင်္ကြံ၌ တည်ရှိနေသော မဟာဗျူဟာကျ ဒေသတစ်ခု ဖြစ်နေသောကြောင့်သာ ဤအရေး ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။
ဒေသတစ်ခု၏ စီးပွားရေးအရ ဖန်တီးပေးနိုင်စွမ်းသည် ထိုဒေသ၏ ပထဝီအရ အရေးပါမှုကို မြှင့်တင်ပေးသည်။ ဒေသတွင်း စီးပွားရေးစင်္ကြံတစ်လျှောက် ကုန်စည်စီးဆင်းမှုသည် အုပ်ချုပ်ရေးယန္တရား၊ ပြည်သူ့ဝန်ဆောင်မှုနှင့် စစ်ရေးဖော်ဆောင်ချက်တို့အတွက် မရှိမဖြစ်လိုအပ်သည့် အခွန်ဘဏ္ဍာငွေ ရရှိနိုင်မှုကို ဖန်တီးပေးထားသည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ သို့မဟုတ် ဒေသတွင်းတော်လှန်ရေးအဖွဲ့အတွက် ဖြစ်စေ၊ စစ်အုပ်စုအတွက် ဖြစ်စေ အဆိုပါအခွန်ဘဏ္ဍာငွေများသည် ၎င်းတို့၏ အုပ်ချုပ်ရေးအာဏာ တည်တံ့ရေးအတွက် လိုအပ်သည့် ရင်းမြစ်များကို ထောက်ပံ့ပေးနိုင်သည်မှာ မလွဲဧကန် ဖြစ်သည်။ ထို့ကြောင့် နယ်စပ်ဂိတ်များနှင့် ကုန်သွယ်ရေးလမ်းကြောင်းများကို ထိန်းချုပ်ရန် အားထုတ်ရခြင်းသည် နယ်မြေသိမ်းပိုက်ရေးကြိုးပမ်းမှုကဲ့သို့ပင် ထပ်တူအရေးပါလှသည်။
အလားတူ ပဋိပက္ခအများစုသည် မြေရှားသတ္တု၊ ရေနံနှင့် အခြားသော အရေးပါတွင်းထွက်များ ထွက်ရှိသည့် ဗျူဟာကျ သယံဇာတ အရင်းအမြစ်စင်္ကြံများနှင့် တစ်နည်းမဟုတ် တစ်နည်း ဆက်စပ်နေပေသည်။
တရုတ်နိုင်ငံသို့ ပို့ကုန်-သွင်းကုန်လမ်းကြောင်းများ၊ ထိုင်းနိုင်ငံနှင့်ချိတ်ဆက်ထားသည့် ကုန်သွယ်ရေးကွန်ရက်များ၊ အိန္ဒိယနိုင်ငံသို့ လမ်းကြောင်းပေါက်နေသည့် တရားမဝင်စီးပွားရေးလမ်းကြောင်းများအပါအဝင် သယံဇာတ ထွက်ရှိရာနေရာများ၌ တိုက်ပွဲများ ပြင်းထန်နေခြင်းသည် တိုက်ဆိုင်မှုသက်သက် မဟုတ်ပေ။ သာဓကပြရသော် ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ ပြင်းထန်နေခြင်းသည် တရုတ် အဆင့်မြင့်နည်းပညာနှင့် ပြန်လည်ပြည်ဖြိုးမြဲစွမ်းအင် ဆက်စပ်လုပ်ငန်း တို့အတွက် လိုအပ်နေသည့် မြေရှားသတ္တုရရှိရေးနှင့် တိုက်ရိုက်ဆက်စပ်နေသည်။
ဗြိတိန်အခြေစိုက် Global Witness အဖွဲ့က ၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ မြေရှားသတ္တု အကြီးစားကုန်သွယ်မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၁ဒဿမ၄ ဘီလီယံအထိ ရှိခဲ့ပြီး တရုတ်နိုင်ငံသို့ မြေရှားသတ္တုတင်ပို့မှုသည် ၂၀၂၁ ခုနှစ်၌ ၁၉,၅၀၀ တန်ချိန်သာ ရှိခဲ့ရာမှ ၂၀၂၃ ခုနှစ်၌ ၄၁,၇၀၀ တန်ချိန်အထိ ၂ ဆကျော် မြင့်တက်လာခဲ့သည်ဟု ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံအလယ်ပိုင်း၌လည်း အလားတူပုံစံမျိုး တွေ့ရှိနိုင်သည်။ အညာလေ့လာရေးစင်တာ၏ သုတေသနတစ်ခု၌ မကွေးဒေသအတွင်း ရေနံနှင့်သဘာဝဓာတ်ငွေ့အပေါ် ထိန်းချုပ်နိုင်ရေး ကြိုးပမ်းချက် များသည် အုပ်ချုပ်ရေးအစီအမံ (Governance Arrangements) ပေါ်ပေါက်လာမှုများနှင့် အပြန်အလှန် ဆက်စပ်နေကြောင်း ထောက်ပြဆွေးနွေးထားသည်။
ရေနံမြေ၊ သယ်ယူပို့ဆောင်ရေးလမ်းကြောင်း၊ အခွန်စနစ်နှင့် ဒေသန္တရအုပ်ချုပ်ရေးယန္တရားတို့ကို တော်လှန်ရေးနှင့် စစ်အုပ်စု နှစ်ဖက်စလုံးက ချုပ်ကိုင်ရန်ကြိုးပမ်းနေပြီ ဖြစ်သည်။ ကျောက်စိမ်း၊ ရွှေ၊ ကျွန်းသစ်နှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများအပေါ် ထိန်းချုပ်နိုင်ရန် ကြိုးပမ်းချက်များသည် မြန်မာပြည်မြောက်ပိုင်း ပဋိပက္ခ၏ နိုင်ငံရေးဘောဂဗေဒ (Political Economy of Conflict) ကို ပုံဖော်နေခဲ့ပြီး ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်း နိုင်ငံဖြတ်ကျော် ကုန်သွယ်ရေးလမ်းကြောင်းများတစ်လျှောက် တိုက်ပွဲများသည်လည်း သမားရိုးကျကုန်သွယ်မှုအပြင် သမားရိုးကျ မဟုတ်သည့် နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုများမှ ရရှိလာမည့် အခွန်ငွေရရှိရေးနှင့် တိုက်ရိုက်ဆက်စပ်နေပေသည်။ ထို့ကြောင့် ဗျူဟာမြောက် အရေးပါမှုတန်ဖိုးသည် နယ်မြေထိန်းချုပ်မှုပေါ် မူတည်နေသည် မဟုတ်ဘဲ ထိုနယ်မြေ အတွင်း လည်ပတ်နေသည့် စီးပွားရေးအဆောက်အဦများအပေါ် မူတည်နေပေသည်။
ဒီဂျစ်တယ် ရှေ့တန်းစစ်မျက်နှာ
တိုက်ပွဲအတွင်း ဒရုန်းအသုံးပြုနိုင်ရေးမှအစချီကာ ငွေကြေးအရင်းအမြစ်များကို ဒီဂျစ်တယ်အကူအညီဖြင့် လည်ပတ်စေနိုင်ရေးအထိ လုပ်ဆောင်ခဲ့သည့် ဂျန်ဇီး (Gen-Z) လူငယ်မျိုးဆက်၏ ဒီဂျစ်တယ်တော်လှန်ရေး အသွင်ပြောင်း ကြိုးပမ်းခဲ့မှုသည် တိုင်းရင်းသားတော်လှန်ရေးလှုပ်ရှားမှုများအတွက်လည်း အထောက်အပံ့ကြီးကြီး ဖြစ်ခဲ့ပေသည်။ နွေဦးတော်လှန်ရေးသည် မြန်မာ့ ပဋိပက္ခကို ဒီဂျစ်တယ်အသွင်သို့ ပြောင်းလဲစေခဲ့သည်။
တဆက်တည်း၌ တော်လှန်ရေးလှုပ်ရှားမှု၊ အုပ်ချုပ်ရေးလည်ပတ်မှုနှင့် တော်လှန်ရေးထိန်းချုပ်နယ်မြေများအတွင်း စီးပွားရေးလည်ပတ်မှုတို့အတွက် ဒီဂျစ်တယ်နည်းပညာသည် ပို၍ အခရာကျလာနေသည်။
ထို့အပြင် စစ်အုပ်စုအနေ ဖြင့် ငွေကြေးစနစ်အပေါ် တင်းကျပ်စွာ ချုပ်ကိုင်လာခြင်း၊ ခြေရာခံစောင့်ကြည်ခြင်း၊ နိုင်ငံတကာ ဖိအားပေးပိတ်ဆို့မှု များ ရင်ဆိုင်နေရခြင်း၊ တိုင်းပြည်စီးပွားရေး ချွတ်ခြုံကျဆင်းနေခြင်းနှင့် ဘဏ်စနစ်အတွင်း တည်ငြိမ်မှုမရှိခြင်း တို့ကြောင့် ယခင်ရှိနေခဲ့သည့် မြန်မာ့ဘဏ်စနစ်သည် အလွန်အမင်း အားနည်းယိုယွင်းလာခဲ့သည်။
ထိုငွေကြေး အင်စတီကျူးရှင်းများကို ယုံကြည်မှုအားနည်းလာသည့် ပြည်သူများသည် မိုဘိုင်းပိုက်ဆံအိတ် (Mobile Wallets)၊ ခရစ်ပတို ဆက်စပ် ငွေကြေးလွှဲပြောင်းမှုများ (Crypto-linked transfers)၊ သမားရိုးကျမဟုတ်သည့် ဟွန်ဒီ ငွေလွှဲလုပ်ငန်းကွန်ရက်များနှင့် အလွယ်တကူလုပ်ဆောင်နိုင်သည့် အခြားသော ငွေကြေးယန္တရားများကို ပြောင်းလဲ အသုံးပြုလာကြသည်။
ယခုအချိန်တွင် ပြည်ပရောက်နိုင်ငံသားများ၏ ပြည်တွင်းသို့ လွှဲပြောင်းပေးပို့ငွေများ၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ၊ ထောက်ပံ့ငွေများအပါအဝင် တိုက်ပွဲဆက်စပ် ထောက်ပို့ဆောင်ရွက်မှုများအထိ USDT (အမေရိကန်ဒေါ်လာနှင့် ချိတ်ဆက်ထားသည့် ဒီဂျစ်တယ်ငွေကြေး – United States Dollar Tether)၊ လျှို့ဝှက်ကုတ်ဖြင့် အကာအကွယ်ပေးထားသည့် ဆက်သွယ်ရေးကွန်ရက်များ၊ ဒီဂျစ်တယ် ပေးချေမှုနည်းလမ်းများနှင့် နိုင်ငံဖြတ်ကျော် ငွေကြေးလွှဲပြောင်းမှုကွန်ရက်များကဲ့သို့ ငွေကြေးဆိုင်ရာ စီးပွားရေးစနစ် များကို တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြပြီ ဖြစ်သည်။
တော်လှန်ရေးထောက်ပို့ငွေရရှိရေးလုပ်ဆောင်ရာ တွင်လည်း သမားရိုးကျ ရန်ပုံငွေရှာသည့်ပုံစံများကို အသုံးမပြုကြတော့ပေ။ စစ်ပွဲအတွင်း ဗဟိုချုပ်ကိုင်မှုနည်းသည့် ငွေကြေးစနစ်သစ်တစ်ခု (A Decentralised Wartime Fintech System) ရှိနေပြီဟု ဆိုနိုင်ပြီး ထိုစနစ်ကြောင့် နိုင်ငံဖြတ်ကျော်ပြီး အရင်းအမြစ်များကို မြန်ဆန်စွာ ရွှေ့ပြောင်းနိုင်လာသည်။ စစ်အုပ်စု၏ ချုပ်ကိုင်မှုကို ရှောင်ကွင်းလာနိုင်သည်။ ခြေကုပ်ရယူနိုင်ရန် ကြိုးပမ်းဆဲဒေသများအတွင်း အုပ်ချုပ်ရေးနှင့် တော်လှန်ရေးလှုပ်ရှားမှု များကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာနိုင်သည်။
အလားတူ ဒီဂျစ်တယ် ချိတ်ဆက်နိုင်မှု (Digital Connectivity) သည်လည်း စစ်အုပ်စု ထိန်းချုပ်နိုင်စွမ်း၏ အလွန်တွင် ရှိနေပေသည်။ စတားလင့် (Starlink) ကဲ့သို့ ဂြိုလ်တုအင်တာနက်စနစ်များသည် စစ်အုပ်စု၏ အင်တာနက်ဖြတ်တောက်မှု၊ ဆက်သွယ်ရေးဖြတ်တောက်မှုနှင့် ခြေရာခံစောင့်ကြည့်မှုတို့ကို ကျော်လွှားစေနိုင်ခဲ့သည်။ အညာဒေသတခွင်၊ အထူးသဖြင့် စစ်ဘေးရှောင်ပြည်သူများရှိရာနေရာတို့၌ ဒီဂျစ်တယ် ချိတ်ဆက်နိုင်မှုသည် သာမန် ဆက်သွယ်ရေးကိစ္စ (Communication) ထက် သာလွန်သည်။
အင်တာနက်ရရှိခြင်းကြောင့် ပညာကို ဆက်လက်သင်ယူနေနိုင်သည်။ အရေးပေါ်ပူးပေါင်းဆောင်ရွက်မှုများကို လုပ်ဆောင်နိုင်သည်။ ကျန်းမာရေး အထောက်အပံ့ ရရှိနိုင်သည်။ ငွေကြေးလည်ပတ်နေနိုင်သည်။
လူ့အခွင့်အရေးချိုးဖောက်မှုများကို မှတ်တမ်းတင်နိုင် သည်။ စစ်ပွဲကာလအတွင်း လူမှုဝန်းကျင် တည်ဆောက်နိုင်ကြသည်။ ထို့ထက် အရေးကြီးသည်မှာ ဒီဂျစ်တယ် ချိတ်ဆက်နိုင်မှုသည် ကြံ့ကြံ့ခံနိုင်မှု (Resilience) ကို မြင့်မားစေသည်။
ပြင်ပကမ္ဘာကို လက်လှမ်းမီနေသည့် ပြည်သူများသည် အရင်းအမြစ်များကို ကောင်းကောင်း အသုံးချနိုင်သည်။ သတင်းအချက်အလက် ဝေမျှနိုင်သည်။ ဝန်ဆောင်မှုများကို ရရှိနိုင်သည်။ ဒိုင်ယာစပိုရာ (Diaspora) အုပ်စုများနှင့် ချိတ်ဆက်နိုင်သည်။ ထို့ကြောင့် ဒီဂျစ်တယ် ချိတ်ဆက်နိုင်မှုသည် လူမှုဝန်းကျင်တစ်ခုကို တည်ဆောက်ပေးရုံသာမက အရပ်သားပြည်သူများအတွက် အကာအကွယ်ရပ်ဝန်းတခုကိုလည်း ဖန်တီးပေးသည်။ ပြင်ပကမ္ဘာနှင့် အချိတ်အဆက်ရှိနေသည့် ကျေးရွာတစ်ခု သည် သတင်းအချက်အလက် ရရှိနေရုံသာမက၊ စိတ်ပိုင်းဆိုင်ရာနှင့် နိုင်ငံရေးပိုင်းဆိုင်ရာ ဖယ်ကြဉ်ခံရမှုနှင့် ဖိနှိပ်ထိန်းချုပ်မှုတို့ကို ကောင်းစွာတုံ့ပြန်နိုင်စွမ်း ရှိလာသည်။
သင်္ကေတအခြေပြု နိုင်ငံရေးကို ကျော်လွန်၍
တိုင်းရင်းသားဖြစ်မှု၊ ခွဲခြားဆက်ဆံခံရမှု၊ ဂျန်ဒါ မညီမျှမှု၊ သမိုင်းကြောင်းအရ တရားမမျှတမှု စသည်တို့ကို ဆွေးနွေးရန်မလိုအပ်တော့ဟု မဆိုလိုပါ။ ထိုအရာများသည် မြန်မာ့ လူမှုနိုင်ငံရေးဖြစ်စဉ်အတွင်း၌ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေဆဲ ဖြစ်သည်။
သို့သော် မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်စဉ်များကို လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်း ကျင့်သုံးခဲ့သော ကိုယ်စားပြုမှုရရှိရေးနှင့် အသိအမှတ်ပြုရေး မူဘောင်များ (Frameworks of representation and recognition) ဖြင့် ချဉ်းကပ်နေကြဆဲဖြစ်ပြီး ဤ ၅နှစ်အတွင်း လူထုဘဝကို ပုံသွင်းလိုက်သည့် ပြောင်းလဲလာမှုများအား မသိကျိုးကျွံပြုနေသည့်အချက်ကိုမူ မေးခွန်းထုတ်ရန် လိုအပ်လာပါသည်။
ဆယ်စုနှစ်နှင့်ချီ ကြာမြင့်လာပြီဖြစ်သည့် ပဋိပက္ခအတွင်း နေထိုင်လာခဲ့ရသော ပြည်သူသန်းပေါင်းများစွာ အတွက် လက်လှမ်းမီနိုင်မှု (Access) သည် သရုပ်လက္ခဏာ (Symbolism) ထက် ပိုမို အရေးပါလာနေသည်။
စွမ်းအင်နှင့် ငွေကြေးအပါအဝင် အခြေခံကုန်စည်အထောက်အပံ့များ ရရှိနိုင်မှု သို့မဟုတ် လက်လှမ်းမီနိုင်မှုသည် နိုင်ငံရေးအရ ကိုယ်စားပြုခွင့်ရရှိရေး (Political Representation) ကဲ့သို့ ထပ်တူ အရေးကြီးလာနေသည်။
ပြည်သူလူထုသည် ဆွေးနွေးပွဲအတွင်း ထိုင်ခုံတစ်နေရာစာ ရရှိရေးသက်သက် တောင်းဆိုနေကြသည်မဟုတ်။ ၎င်းတို့ အသက်ရှင်ရပ်တည်နိုင်ရန်နှင့် ၎င်းတို့ ကိုယ်ပိုင်အနာဂတ်များကို ပုံဖော်နိုင်ရန် စွမ်းဆောင်နိုင်မှု (Capability) ကို ရှာဖွေနေကြခြင်း ဖြစ်သည်။
သင်္ကေတအခြေပြုနိုင်ငံရေးကို ကျော်လွန်၍ စဉ်းစားကြည့်လျှင် မြန်မာ့အနာဂတ်သည် နိုင်ငံရေးဆွေးနွေး အဖြေရှာမှု၊ စစ်ရေးအောင်နိုင်မှု သို့မဟုတ် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အစီအမံ သက်သက်တို့ဖြင့် ပုံဖော်နိုင်တော့မည် မဟုတ်ပေ။
လက်ရှိ ဖြစ်ထွန်းပေါ်ပေါက်လာသည့် စနစ်များသည် ပြည်သူတို့၏ စွမ်းဆောင်နိုင်မှု (Human Capability) ကို မည်မျှအထိ မြှင်တင်ပေးနိုင်မည်နည်းဆိုသည့် အချက်သည်လည်း အရေးပါလာနေသည်။ ကုန်သွယ်ရေးစင်္ကြံများ၊ ဒီဂျစ်တယ်ငွေကြေးစနစ်များ၊ ဉာဏ်ရည်တု နည်းပညာ (AI) နှင့် ဒရုန်းများ၊ ခရစ်ပတိုစနစ်များနှင့် ပထဝီနိုင်ငံရေးအားပြိုင်မှုများအကြောင်း အထက်တွင် ဆွေးနွေးခဲ့သော်လည်း အလျင်အမြန် ပြောင်းလဲနေသည့် အခြေအနေများအတွင်း ပြည်သူလူထုသည် ဂုဏ်သိက္ခာ၊ လုံခြုံမှု၊ အခွင့်အလမ်းတို့နှင့် မည်ကဲ့သို့ ရှေ့ဆက်နေထိုင်နိုင်ကြမည်နည်း ဟူသည့် အဓိက မေးခွန်းကို မမေ့လျော့ရန် လိုအပ်သည်။
ပြည်သူလူထုအနေဖြင့် ၎င်းတို့၏ ဘဝကို အဓိပ္ပာယ်ရှိရှိ တည်ဆောက်နိုင်ခြင်း ရှိ၊ မရှိသည် ပညာရေး၊ ကျန်းမာရေး၊ အင်တာနက်၊ ငွေကြေး၊ စွမ်းအင်နှင့် လုံခြုံရေးဆိုင်ရာ လက်လှမ်းမီနိုင်မှုအပေါ် မူတည်နေသည်။
နိဂုံးချုပ်ရသော် တော်လှန်ရေးတရပ် အောင်မြင်မှုကို တော်လှန်ရေးအတွင်း ရရှိသည့် အာဏာပါဝါဖြင့် တိုင်းတာ၍ မရ၊ ဤတော်လှန်ရေးအတွင်း သာမန်ပြည်သူလူထုအတွက် အခွင့်အလမ်းနှင့် ဂုဏ်သိက္ခာရှိမှုတို့ကို မည်မျှဖန်တီးပေးသနည်းဆိုသည့်အချက်ဖြင့်သာ တိုင်းတာဆုံးဖြတ်နိုင်မည် ဖြစ်သည်။
Cite this Article: Centre for Ah Nyar Studies, (2026, June 10). “Myanmar’s Conflict Is No Longer a 20th-Century Revolution”. Op-ed, Centre for Ah Nyar Studies. https://ah-nyarstudies.org/myanmars-conflict-is-no-longer-a-20th-century-revolution.
(လက်ပံနီသည် မြန်မာနိုင်ငံ အလယ်ပိုင်း အညာဒေသအတွင်း လူမှု အပြောင်းအလဲဖြစ်စဉ်များကို အထူးပြုလေ့လာနေသည့် လွတ်လပ်သော သုတေသီတဦး ဖြစ်သည်။)
