ငှက်ပျောသီးတင်ပို့ရေးအပါ နားလည်မှုစာချွန်လွှာ ၁၈ခု မင်းအောင်လှိုင်နှင့် ရှီကျင့်ဖျင် လက်မှတ်ရေးထိုး

By MPA

မြန်မာနှင့် တရုတ် နှစ်နိုင်ငံအကြား ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအမံ ပူးတွဲမြှင့်တင်ရေး အပါအဝင် သဘောတူစာချုပ်များနှင့် နားလည်မှုစာချွန်လွှာ စုစုပေါင်း (၁၈) ခုကို ယနေ့(ဇွန် ၁၆ရက်) နံနက်ပိုင်းတွင် တရုတ်နိုင်ငံ မြို့တော်ပေကျင်းရှိ The Great Hall of the People ခန်းမ၌ လက်မှတ်ရေးထိုး လဲလှယ်ခဲ့ကြကြောင်း စစ်ကော်မရှင်က ထုတ်ပြန်ထားသည်။

အဆိုပါ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင်တို့၏ ရှေ့မှောက်တွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး နှစ်နိုင်ငံ သက်ဆိုင်ရာ တာဝန်ရှိသူများက လက်မှတ်ရေးထိုးခဲ့ကြခြင်း ဖြစ်သည်။

ယခု လက်မှတ်ရေးထိုးခဲ့သည့် သဘောတူညီချက်များတွင် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအမံ (Global Security Initiative) ပူးတွဲမြှင့်တင်ရေး၊ စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုများ အပါအဝင် အောင်ဆန်းအားကစားကွင်း ပြန်လည်တည်ဆောက်ရေးအတွက် အကူအညီပေးအပ်ရေး ကိစ္စရပ်များ ပါဝင်ကြောင်း ဖော်ပြထားသည်။

ထို့အပြင် မြန်မာနိုင်ငံမှ ငှက်ပျောသီး၊ ဆေးဖက်ဝင်တိုင်းရင်းဆေးနှင့် ရေထွက်ပစ္စည်းများကို တရုတ်နိုင်ငံသို့ တင်ပို့ရေးဆိုင်ရာ သဘောတူညီချက်များလည်း ပါဝင်ကြောင်း သိရသည်။