ဗီယက်နမ်နိုင်ငံတွင် အသားအတွက် သတ်ဖြတ်ရန် ရည်ရွယ်ထားသည့် ကြောင်အကောင်ရေ ၄၀၀ ကျော်ကို အာဏာပိုင်များက ကယ်တင်နိုင်ခဲ့ပြီး ကြောင်သူခိုးဂိုဏ်းတစ်ခုအား ဖြိုခွင်းနိုင်ခဲ့ကြောင်း တိရစ္ဆာန်စောင့်ရှောက်ရေးအဖွဲ့တစ်ခုက ပြောကြားလိုက်သည်။
“ကြောင်များကို ခိုးယူစုဆောင်းသည့်နေရာတွင် အထူးပြုသော ရာဇဝတ်ဂိုဏ်းတစ်ခု” ဟု ရဲတပ်ဖွဲ့က ဖော်ပြထားသည့် အဆိုပါအဖွဲ့နှင့် ဆက်စပ်၍ လူပေါင်း ၉ ဦးကို ဖမ်းဆီးခဲ့ကြောင်း ဟိုချီမင်းစီးတီး ရဲတပ်ဖွဲ့၏ တရားဝင်သတင်းစာကို ကိုးကား၍ AFP သတင်းဌာနက ဖော်ပြခဲ့သည်။
ရဲတပ်ဖွဲ့ဝင်များသည် ပြီးခဲ့သည့်အပတ်က တေနင်း (Tay Ninh) ပြည်နယ်နှင့် ဟိုချီမင်းစီးတီးတို့ရှိ နေရာအချို့ကို ဝင်ရောက်စီးနင်းစဉ်အတွင်း အသက်ရှင်လျက် ကြောင်အကောင်ရေ ၄၀၀ ကျော်နှင့် ရေခဲရိုက်၍ သိမ်းဆည်းထားသော ကြောင်အသေ ၈၀ ခန့်ကို ရှာဖွေတွေ့ရှိခဲ့သည်။
ထို့ပြင် သီးခြားအဆောက်အအုံတစ်ခုတွင်လည်း နောက်ထပ် ကြောင် ၂၁ ကောင်ကို ထပ်မံသိမ်းဆည်းရမိခဲ့သည်။
ဗီယက်နမ်နိုင်ငံတွင် ခွေးသားနှင့် ကြောင်သားစားသုံးမှုကို တရားဝင်ခွင့်ပြုထားသော်လည်း ရောင်းချသူများအနေဖြင့် တိရစ္ဆာန်များ မည်သည့်နေရာမှ ရရှိလာသည်ကို ပြသနိုင်မည့် တရားဝင်ခွင့်ပြုချက်ပါမစ်များ ရှိရန် လိုအပ်သည်။
ဒေသတွင်း သတင်းမီဒီယာများ၏ ဖော်ပြချက်အရ ဟိုချီမင်းစီးတီးအတွင်း အိမ်မွေးတိရစ္ဆာန်များ ဆက်တိုက်ခိုးယူခံရမှုအပေါ် စုံစမ်းစစ်ဆေးပြီးနောက် ဇွန်လ ၁၁ ရက်နေ့တွင် အဆိုပါဂိုဏ်းကို ရဲတပ်ဖွဲ့က ခြေရာခံမိခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
သံသယရှိသူများသည် လွန်ခဲ့သည့် ၃ နှစ်တာကာလအတွင်း ဗီယက်နမ်တောင်ပိုင်းတစ်ခွင်တွင် ကြောင်များကို ထောင်ချောက်ဆင် ဖမ်းဆီးစုဆောင်းခဲ့ကြောင်း ဝန်ခံခဲ့ကြသည်ဟု ရဲတပ်ဖွဲ့က ပြောကြားသည်။ စုံစမ်းစစ်ဆေးသူများ၏ အဆိုအရ သံသယရှိသူများသည် ခိုးယူထားသော ကြောင်များကို ကြားစခန်းများသို့ မပို့ဆောင်မီ ရောင်းဝယ်ဖောက်ကားသူများထံသို့ ၂ ရက်မှ ၃ ရက်တစ်ကြိမ် အရောင်းအဝယ် ပြုလုပ်လေ့ရှိကြောင်း သိရသည်။
ခိုးယူခံခဲ့ရသည့် ကြောင်များထဲမှ အကောင်ရေ ၄၀ ခန့်ကို ၎င်းတို့၏ မူလပိုင်ရှင်များထံသို့ ပြန်လည်အပ်နှံပေးပြီးဖြစ်ကြောင်း Humane World for Animals အဖွဲ့က အင်္ဂါနေ့တွင် ထုတ်ပြန်ချက်တစ်ခု၌ ပြောကြားခဲ့သည်။
အဆိုပါအဖွဲ့အစည်းက တိရစ္ဆာန်အများအပြား၏ အသက်ကို ကယ်တင်နိုင်ခဲ့သည့် ပြတ်သားသော လုပ်ဆောင်ချက် အတွက် ဒေသတွင်း အာဏာပိုင်များကို ချီးကျူးစကားဆိုခဲ့သော်လည်း ကြောင်အချို့မှာမူ ၎င်းတို့ကြုံတွေ့ခဲ့ရသည့် ဆိုးရွားသောဒဏ်များကြောင့် နောက်ပိုင်းတွင် သေဆုံးသွားခဲ့ရသည်ဟု ဆိုသည်။
ထို့ပြင် အမှုရင်ဆိုင်နေရဆဲကာလအတွင်း ရဲတပ်ဖွဲ့က သက်သေအဖြစ် ထိန်းမိမ်းထားဆဲဖြစ်သော တိရစ္ဆာန်များအတွက် အစားအစာနှင့် အခြားလိုအပ်သော ထောက်ပံ့ရေးပစ္စည်းများကို ပံ့ပိုးပေးနေကြောင်းလည်း ဖြည့်စွက်ပြောကြားခဲ့သည်။
ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကြောင်းနှင့် မိမိတို့၏ အိမ်မွေးတိရစ္ဆာန်များ ခိုးယူခံရသည်ဟု ယူဆရသည့် ဒေသခံများအနေဖြင့် ကယ်တင်ထားသော တိရစ္ဆာန်များကို လာရောက်ခွဲခြား သတ်မှတ်ပေးခြင်းဖြင့် ကူညီကြရန် တိုက်တွန်းထားသည်။
Humane World for Animals အဖွဲ့၏ အဆိုအရ ဗီယက်နမ်နိုင်ငံတွင် နှစ်စဉ် ခွေးအကောင်ရေ ၅ သန်းခန့်နှင့် ကြောင်အကောင်ရေ ၁ သန်းခန့်သည် ဖမ်းဆီးခြင်း၊ ခိုးယူခြင်း၊ မှောင်ခိုကူးခြင်းနှင့် အသားအတွက် သတ်ဖြတ်ခြင်းတို့ကို ခံနေရသည်ဟု ခန့်မှန်းထားသည်။
အဆိုပါအဖွဲ့က အိမ်မွေးတိရစ္ဆာန်များသည် နေအိမ်များမှ ခိုးယူခံရလေ့ရှိပြီး ခွေးများကို ဖမ်းဆီးရာတွင် အဆိပ်ကျွေးခြင်း၊ လျှပ်စစ်ရှော့တိုက်တုတ်များနှင့် သံညှပ်များ အသုံးပြုလေ့ရှိကာ ကြောင်များကိုမူ စပရိန်ပါသော ကျော့ကွင်းထောင်ချောက်များဖြင့် ဖမ်းဆီးလေ့ရှိကြောင်း ပြောကြားခဲ့သည်။
ဗီယက်နမ်နိုင်ငံတွင် ခွေးသားနှင့် ကြောင်သား စားသုံးမှုသည် အခြားအာရှနိုင်ငံများထက် ပိုမိုအဖြစ်များနေသေးသော်လည်း ပြည်သူများ၏ သဘောထားအမြင်များ ပြောင်းလဲလာနေပြီဟု လှုပ်ရှားသူများက ဆိုကြသည်။
Humane World for Animals အဖွဲ့မှ တာဝန်ယူလုပ်ဆောင်ခဲ့သည့် ၂၀၂၃ ခုနှစ် စစ်တမ်းတစ်ခုအရ အထူးသဖြင့် လူငယ်များနှင့် အိမ်မွေးတိရစ္ဆာန်ပိုင်ရှင်များအကြားတွင် ခွေးသားနှင့် ကြောင်သား ရောင်းဝယ်ဖောက်ကားမှုကို ကန့်ကွက်မှုများ တိုးပွားလာနေပြီး လူအများစုက ခွေးသားနှင့် ကြောင်သား အရောင်းအဝယ်ကို ပိတ်ပင်တားမြစ်ခြင်းအား ထောက်ခံကြကြောင်း တွေ့ရှိရသည်။
