စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ညောင်ပင်ကြီးတောရွာကို စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ မီးဖွားခါနီး ကိုယ်ဝန်ဆောင်အပါအဝင် အမျိုးသမီး၃ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ယနေ့(ဇွန်၁၇ရက်)မွန်းလွဲ ၁၂နာရီမိနစ်၄၀ကျော်တွင် ဂျက်ဖိုက်တာတစ်စင်းဖြင့် ၂ကြိမ် လေကြောင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကိုယ်ဝန်ဆောင်အမျိုးသမီး၊ ၎င်း၏ သမီးနှင့် နောက်ထပ်အမျိုးသမီးတစ်ဦး သေဆုံးကာ ဗိုက်ပွင့်ဒဏ်ရာရကာ စိုးရိမ်ရသူနှင့် ဒဏ်ရာရသူများလည်း ရှိကြောင်း Welet Informational Network က သတင်းထုတ်ပြန်သည်။
“သေသွားတဲ့ အမျိုးသမီး၃ယောက်စလုံးက တစ်ခါတည်း ပွဲချင်းပြီးသွားကြတာ။၂ယောက်က ခေါင်းပါ ပြတ်သွားတယ်။၃ယောက်ထဲက ဘယ်သူတွေလဲတော့ မသိသေးဘူး။ဘာအတွက် လာကြဲသလဲတော့ မသိဘူး။တိုက်ပွဲတွေဘာတွေလည်း ရှိနေတာမဟုတ်ဘူး”ဟု ဝက်လက်ဒေသခံသတင်းရင်းမြစ်က MPAသို့ပြောသည်။
ဒဏ်ရာရသူတို့၏ နောက်ဆက်တွဲ အခြေအနေကို မသိရသေးသလို ဒဏ်ရာရသူအရေအတွက်ကို လည်း မသိသေးကြောင်း ၎င်းက ဆိုသည်။
ညောင်ပင်ကြီးတောရွာသည် ဝက်လက်မြို့နယ်တောင်ခြမ်းရှိ ကျေးရွာအုပ်စုအဆင့် ရွာကြီးဖြစ်သည်။
