မဲဆောက်အခြေစိုက် ဒေါနလမ်းကျောင်းတွင်း လိင်ပိုင်းဆိုင်ရာကျူးလွန်မှုဖြစ်စဉ် ထိုင်းဥပဒေဖြင့် အရေးယူရန် တိုက်တွန်း ၊ နစ်နာသူကျောင်းသားများ အသနားခံစာထုတ်ပြန်

By MPA

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် ဖွင့်လှစ်ထားသည့် ဒေါနလမ်း အသက်မွေးဝမ်းကျောင်းပညာသင်ကျောင်း (Dawna Land Vocational Training Institute)၌ ပေါ်ပေါက်ခဲ့သော ကျောင်းတွင်းလိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှု ဖြစ်စဉ်နှင့် ပတ်သက်၍ ထိုင်းနိုင်ငံ၏ တည်ဆဲဥပဒေအတိုင်း စနစ်တကျ ထိရောက်စွာ အမှုရင်ဆိုင်ဆောင် ရွက်ရန် တိုက်တွန်းမှုများ ထွက်ပေါ်နေသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ကျောင်းအုပ်ချုပ်ရေးကောင်စီ၏ ထုတ်ပြန်ချက်အပြင်၊ ယခုအခါ Dawnaland GED ကျောင်းမှ နစ်နာသူ ကျောင်းသူ၊ကျောင်းသား ရာခိုင်နှုန်း၈၀ကျော် စုပေါင်း လက်မှတ်ရေးထိုးထားသည့် “သက်ဆိုင်ရာလူကြီးများထံ အသနားခံတင်ပြလွှာ” လည်း ထွက်ပေါ် လာပြီး ဖြစ်စဉ်အသေးစိတ်နှင့် ကျောင်းဘက်မှ တာဝန်ယူမှု အားနည်းချက်များကို ထုတ်ဖော်ထား သည်။

ကျောင်းသားများ၏ ထုတ်ပြန်ချက်အရ ပြည်တွင်းရှိ အခက်အခဲများကြောင့် မဲဆောက်မြို့ Dawnaland GED ကျောင်းတွင် ၂၀၂၆ ခုနှစ်၊ မေလ ၁၅ ရက်နေ့၌ ပညာသင်ကြားရေး စတင်ခဲ့ ကြောင်း သိရသည်။

ကျောင်းစတင်ဖွင့်ချိန်တွင် အမျိုးသားအဆောင်နှင့် အမျိုးသမီးအဆောင်ဟူ၍ ၂ခု ခွဲခြားထားသော် လည်း အမျိုးသမီးအဆောင်မှာ ကျောင်းနှင့် အနည်းငယ်အလှမ်းဝေးသောကြောင့် မေလ ၁၉ ရက်၌ မိန်းကလေးများကို ယောင်္ကျားလေးအဆောင်၏ စာသင်ခန်းအပေါ်ထပ်သို့ ပြောင်းရွှေ့ပေးခဲ့ပြီး၊ ယောင်္ကျားလေးများကိုမူ မိန်းကလေးအဆောင်ဟောင်းသို့ ပြောင်းရွှေ့နေထိုင် စေခဲ့ကြောင်း ဖော်ပြထားသည်။

ထိုသို့ ပြောင်းရွှေ့ပြီးနောက် ကျူးလွန်သူဟု သံသယရှိသူ ဦးမင်းသက်ထက်အောင်သည် ယောင်္ကျားလေးအဆောင်တွင် သွားရောက်အိပ်စက်ပြီး၊ အိပ်နေသည့်အချိန် အနောက်မှဖက်ကာ အမျိုးသားတန်ဆာအား ကိုင်တွယ်ခြင်း၊ သုတ်လွှတ်သည်အထိ ပြုလုပ်ခြင်းနှင့်အတူ ကျောင်းသား တစ်ဦးအား Rape Case ဖြစ်မြောက်သည်အထိ ကျူးလွန်ခဲ့ကြောင်း အသနားခံ တင်ပြလွှာ၌ ဖော်ပြ ထားသည်။

” ကျူးလွန်ခံရသူ တစ်ဦးအား ဆေးခန်းလိုက်ပို့ခိုင်းပြီး အပြန်လမ်းတွင် (ည ၈ နာရီဝန်းကျင်ခန့်) အဓမ္မကျူးလွန်ရန် ထပ်မံကြံစည်ခဲ့ပါသည်။ ယခုကဲ့သို့ ဦးမင်းသက်ထက်အောင်၏ ကျူးလွန်ခြင်းများ ကို ခံစားခဲ့ရသူ စုစုပေါင်း ၅ ဦးရှိခဲ့ပါတယ်” ဟု ယင်းတင်ပြလွှာတွင် ဖော်ပြထားသည်။

၎င်းအပြင် စာသင်ချိန်များတွင်လည်း ဦးမင်းသက်ထက်အောင်က ကျောင်းသားများအား ဖက်ခြင်း၊ နမ်းခြင်းများ ပြုလုပ်ခြင်းကြောင့် စိတ်အဆင်မပြေမှုများစွာ ကြုံတွေ့ခဲ့ရကြောင်း ၎င်းကို ဇွန်လ ၈ ရက်တွင် ကျောင်းမှထုတ်ပယ်ကြောင်း ပြောဆိုကာ ထွက်ခွာခိုင်းခဲ့ပြီးနောက် ဇွန်လ ၉ ရက်တွင် KNU က လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း ကျောင်းသားများက ကြားသိခဲ့သည်ဟု ဆိုသည် ။

ကျောင်းသားများ၏ တင်ပြချက်အရ အဆိုပါအမှု ဖြစ်ပွားနေစဉ်အတွင်း ဖြစ်ပွားရာအိမ်၌ ဦးမင်းသက် ထက်အောင် ရှိနေစဉ် ကျောင်းကောင်စီက နစ်နာသူများနှင့် တွေ့ဆုံပေးခဲ့ပြီး နစ်နာသူအနေနှင့် ‘အလိုတူအလိုပါ’ ဟု ပြောပြပေးရန် ဖိအားပေးမှုများ ရှိခဲ့ကြောင်း သိရသည် ။

ဇွန်လ ၁၁ ရက်၊ ကျောင်းကောင်စီနှင့် အစည်းအဝေးတွင် GED အတန်း ဖွင့်လှစ်လိုက်သည်ကို ကျောင်းကောင်စီအဖွဲ့ဝင်များက မသိရှိခဲ့ကြောင်း ခေါင်းရှောင်ပြောဆိုခဲ့ကြပြီး၊ ကျောင်းသားများက “အဖွဲ့အစည်းနဲ့ လုပ်တဲ့အလုပ်တစ်ခုမှာ ဦးမင်းသက်ထက်အောင် သဘောတစ်ချက်တည်းနဲ့ လုပ်လို့ ရတာလား” ဟု မေးခွန်းထုတ်ခဲ့ကြသည်။

အဆိုပါ အစည်းအဝေး၌ ကျောင်းသားများ ရှေ့ဆက်ရမည့် ပညာရေးအတွက် တာဝန်ယူပေးရန် မေးမြန်းရာတွင်လည်း အရှင်ထာဝရက “ပိုက်ဆံ တစ်သောင်းနဲ့ ဆန် ၅ အိတ် တာဝန်ယူမည်” ဟု ပြောဆိုခဲ့သော်လည်း ကျောင်းသား ၁၆ယောက်အတွက် လုံလောက်မှုမရှိသည့်အပြင် ပြည့်ဝသော တာဝန်ယူမှု မရှိခဲ့ကြောင်း ကျောင်းသားများက ဆိုသည်။

ကျောင်းအုပ်ချုပ်ရေးကောင်စီ၏ ဇွန်လ ၁၄ ရက် ထုတ်ပြန်ချက်တွင်မူ ဇွန်လ ၄ ရက်တွင် တိုင်ကြား ချက် စတင်ရရှိခဲ့ပြီး၊ ကျောင်းသားများနှင့် ဆရာမများအပါအဝင် စုစုပေါင်း ၅ ဦးထက်မနည်း လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခံခဲ့ရကြောင်း ဝန်ခံထားသည်။

ကျောင်းကောင်စီအနေဖြင့် ကျောင်းအုပ်ကြီးအား တာဝန်မှထုတ်ပယ်ကာ ဇွန်လ ၁၃ ရက်နေ့တွင် မိန်းကလေးမြို့နယ်ရဲစခန်းသို့ သွားရောက်၍ အမှုဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ခဲ့ကြောင်း ဖော်ပြ ထားသည် ။
လက်ရှိတွင် အုပ်ချုပ်ရေးနှင့် ရန်ပုံငွေ အခက်အခဲများကြောင့် ကျောင်း ဆက်လက်မဖွင့်နိုင် တော့ဘဲ ပိတ်သိမ်းခဲ့ရသည်။

လက်ရှိတွင် အုပ်ချုပ်ရေးနှင့် ရန်ပုံငွေ အခက်အခဲများကြောင့် ကျောင်း ဆက်လက်မဖွင့်နိုင် တော့ဘဲ ပိတ်သိမ်းခဲ့ရသည်။

သို့သော် ကျောင်းသားများဘက်ကမူ ကျောင်းဘက်က အစီအစဉ်တကျ ထုတ်ပြန်ချက်ထက် လက်တွေ့တွင် ကျောင်းသား/သူများမှာ လုံခြုံမှုမရှိတော့သဖြင့် မိဘများက လာရောက်ခေါ်ဆောင် သွားခဲ့ကြရပြီး အချို့မှာ လမ်းခရီးအဆင်မပြေမှုများ ရှိခဲ့ကြောင်း တင်ပြထားသည်။

လက်ရှိတွင် နေရပ်ပြန်သွားကြသည့် ကျောင်းသားများမှာ ပညာရေးအတွက် Online Class ကို Join ရန် ကြိုးပမ်းနေရသော်လည်း အင်တာနက် အခက်အခဲနှင့် လမ်းခရီးတောစပ်များတွင် ရှိနေသဖြင့် ပြဿနာများနှင့် ရင်ဆိုင်နေရပြီး ကျောင်းဘက်မှ တာဝန်ယူမှု မရှိသေးကြောင်း အသနားခံစာ၌ ရေးသားထားသည်။

ကျောင်းသားများက ၎င်းတို့အား လိမ်လည်လှည့်ဖြားပြီး လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့သည့် ဦးမင်းသက်ထက်အောင်ကို ပြင်းထန်စွာ ရှုတ်ချကြောင်း၊ အမှုအားထိရောက်စွာ အရေးယူပေးရန်နှင့် ကျောင်းသားများ၏ ပညာရေး၊ နေရေး၊ စားရေး တာဝန်ယူမှုများအတွက် ဝိုင်းဝန်းကူညီပေးရန် တောင်းဆိုထားကြသည် ။

မဲဆောက်အခြေစိုက် မြန်မာရွှေ့ပြောင်းစာသင်ကျောင်းများနှင့် သင်ကြားရေးနေရာများတွင် ယခုကဲ့သို့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ ထိပါးနှောင့်ယှက်မှုများ မကြာခဏဖြစ်ပွားနေခြင်းသည် ကလေးငယ်များ၏ အနာဂတ်နှင့် စိတ်ပိုင်းဆိုင်ရာကို ပြင်းထန်စွာ ထိခိုက်စေရုံသာမက ရွှေ့ပြောင်းပညာရေးကဏ္ဍတစ်ခုလုံးအပေါ် ထိုင်းအာဏာပိုင်များ၏ စည်းကမ်းတင်းကျပ်မှုများကို ပိုမိုဖိအားဖြစ်စေနိုင်ကြောင်း လူမှုအဖွဲ့အစည်းများကြား ဝေဖန်ထောက်ပြမှုများ ရှိနေသည်။

ယခုကဲ့သို့သော ဖြစ်စဉ်များကို ကျောင်း သို့မဟုတ် မိသားစုအတွင်း ညှိနှိုင်းဖြေရှင်းခြင်းမျိုး လုံးဝမပြုလုပ်ဘဲ ထိုင်းနိုင်ငံ၏ တည်ဆဲဥပဒေအတိုင်း ရင်ဆိုင်ကြရန်နှင့် နစ်နာသူများ၏ အချက်အလက်များကို လူမှုကွန်ရက်ပေါ်တွင် မလိုအပ်ဘဲ ထုတ်ဖော်ခြင်းမပြုဘဲ ကာကွယ်စောင့် ရှောက်ကြရန် လူမှုအဖွဲ့များက တိုက်တွန်းထားသည်။