စစ်တပ်လုပ်ရပ်သည် အိမ်နီးချင်းများအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေပြီး အတ္တဘေးဖယ်ရန် တီမောသမ္မတ တိုက်တွန်း

အာဆီယံ၏ နောက်ဆုံးဝင်ရောက်လာသည့် အဖွဲ့ဝင်နိုင်ငံဖြစ်သော အရှေ့တီမော (Timor-Leste) အနေဖြင့် မြန်မာနိုင်ငံတွင်း ဖြစ်ပွားနေသည့် ပဋိပက္ခများနှင့် ပတ်သက်၍ ဒေသတွင်း ချည်းကပ်ဆောင်ရွက်ပုံများကို ပြန်လည်သုံးသပ်ရန်တိုက်တွန်းလိုက်ပြီး၊ ချက်ချင်းနိုင်ငံရေးအရ အဖြေရှာမှုထက် တိုက်ပွဲများ အဆုံးသတ်ရေးကို ပိုမိုဦးစားပေး လုပ်ဆောင်သင့်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

အရှေ့တီမောသမ္မတ ဒေါက်တာ ဟိုဆေး ရာမိုစ်-ဟော်တာ (Dr Jose Ramos-Horta) က မြန်မာနိုင်ငံအတွင်းရှိ ပဋိပက္ခဖြစ်ပွားနေသော အဖွဲ့အစည်းများအကြား ပထမဦးစွာ အပစ်အခတ်ရပ်စဲရေးကို သဘောမတူညီနိုင်သရွေ့ မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်ရန် ကြိုးပမ်းမှုများသည် အချည်းနှီးသာ ဖြစ်နေလိမ့်မည်ဟု ပြောဆိုခဲ့သည်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ယမန်နေ့( ဇွန် ၁၆ ရက်)က ကျင်းပပြုလုပ်သည့် မုန်တိုင်းထန်သောကာလများကို ဖြတ်သန်းခြင်း၊ ငြိမ်းချမ်းရေးကို ရှာဖွေဖော်ဆောင်ခြင်း ခေါင်းစဉ်ဖြင့် လူထုဟောပြောပွဲအပြီးတွင် သတင်းထောက်များ၏ မေးမြန်းမှုကို ၎င်းက အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အခမ်းအနားသို့ မလေးရှား ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှုနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး Lukanisman Awang Sauni၊ ဩစတြေးလျ သံအမတ်ကြီးအဖြစ် ယာယီတာဝန်ယူထားသူ Simon Fellows နှင့် သံတမန်ရေးရာနှင့် နိုင်ငံခြားဆက်ဆံရေးတက္ကသိုလ် (IDFR) ညွှန်ကြားရေးမှူးချုပ် Datuk Zainol Rahim Zainuddin တို့လည်း တက်ရောက်ခဲ့ကြသည်။

နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်လည်းဖြစ်သူ သမ္မတ ရာမိုစ်-ဟော်တာသည် မြန်မာနိုင်ငံတွင် ရေရှည်ဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် မလေးရှားနိုင်ငံအတွင်း အထူးသဖြင့် ရိုဟင်ဂျာ ဒုက္ခသည်များအပေါ် ဆန့်ကျင်လိုစိတ်များ တိုးပွားလာနေသည့်အခြေအနေနှင့် ပတ်သက်၍ မေးမြန်းချက်ကို တုံ့ပြန်ပြောကြားခဲ့ခြင်း ဖြစ်သည်။

အရှေ့တောင်အာရှမှသည် အာဖရိကနှင့် လက်တင်အမေရိကအထိ ပဋိပက္ခများတွင် ငြိမ်းချမ်းရေးစေ့စပ်ညှိနှိုင်းသူနှင့် ကြားဝင်စေ့စပ်ပေးသူအဖြစ် ဆယ်စုနှစ်များစွာ အတွေ့အကြုံရှိခဲ့သည့် ရာမိုစ်-ဟော်တာက နိုင်ငံရေး အသွင်ကူးပြောင်းမှု မလုပ်ဆောင်မီ တည်ငြိမ်မှုနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကယ်ဆယ်ရေးလုပ်ငန်းများကို အရင်လုပ်ဆောင်ရမည်ဟု ဆွေးနွေးခဲ့သည်။

“ပထမအဆင့်ကတော့ ပဋိပက္ခကို ရပ်တန့်ဖို့ပါ။ ဒုတိယအဆင့်ကလည်း ပဋိပက္ခကို ရပ်တန့်ဖို့ပါပဲ။ အဲဒီနောက်မှာ လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေတွေကို ပုံမှန်ဖြစ်အောင် ကြိုးစားပြီး၊ လူသားချင်းစာနာမှု အကူအညီတွေပေးနိုင်ဖို့ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေ (NGOs)၊ နိုင်ငံတကာအေဂျင်စီတွေနဲ့ အိမ်နီးချင်းနိုင်ငံတွေကို ဖိတ်ခေါ်ကူညီခိုင်းရပါမယ်။ နိုင်ငံရေး လုပ်ငန်းစဉ်တွေကိုတော့ နောက်မှ ထားလိုက်ပါ” ဟု ၎င်းက ဆိုသည်။

“စစ်တပ်နဲ့ အခြားအဖွဲ့အစည်းတွေက ဒါကို ရပ်တန့်ရမယ်ဆိုတာ သဘောတူညီမယ်ဆိုရင် မြန်မာနိုင်ငံမှာ ဒီမိုကရေစီက ခေတ္တစောင့်ဆိုင်းနိုင်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ဤသို့ ပြောကြားခြင်းသည် အငြင်းပွားဖွယ်ရာ ဖြစ်နိုင်သော်လည်း ကမ္ဘာတစ်ဝန်းရှိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များသည် ကိစ္စရပ်အားလုံးကို တစ်ပြိုင်နက်တည်း ဖြေရှင်းရန် ကြိုးပမ်းခြင်းထက် ဦးစားပေး အဆင့်ဆင့်ကို သတ်မှတ်လုပ်ဆောင်ရန် လိုအပ်ကြောင်း ၎င်းက ထောက်ပြသည်။

မြန်မာ့ပဋိပက္ခသည် ကမ္ဘာပေါ်တွင် အရှုပ်ထွေးဆုံး ပဋိပက္ခများထဲမှ တစ်ခုဖြစ်ပြီး အခြားသော သူပုန်ထမှုများနှင့်မတူဘဲ မတူညီသော အကျိုးစီးပွားများနှင့် ရည်မှန်းချက်များရှိကြသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAOs) အများအပြား ရှိနေသည့် နိုင်ငံဖြစ်ကြောင်း ၎င်းက ဖော်ပြခဲ့သည်။

“ကျွန်တော်သိသလောက် ကမ္ဘာပေါ်မှာ လက်နက်ကိုင်အဖွဲ့ ၁၈ ဖွဲ့လောက် ရှိနေတဲ့ တစ်ခုတည်းသော ပဋိပက္ခပါပဲ” ဟု ၎င်းက ပြောသည်။

အဆိုပါ ပဋိပက္ခ၏ ရှုပ်ထွေးမှုများကြောင့် နှစ်ပေါင်းများစွာ သံတမန်ရေးရာ ကြိုးပမ်းမှုများ ရှိခဲ့သော်လည်း မည်သည့် ဒေသတွင်း သို့မဟုတ် နိုင်ငံတကာ အင်အားစုကမျှ ရေရှည်တည်တံ့သော အဖြေတစ်ခုကို မဖော်ဆောင်ပေးနိုင်ခြင်း ဖြစ်သည်ဟု ဖြည့်စွက်ပြောကြားခဲ့သည်။

ထို့အပြင် မြန်မာ့အရေး သက်ဆိုင်သူများအကြား ဆွေးနွေးပွဲများကို အဆင်ပြေချောမွေ့စေရန်အတွက် အာဆီယံအနေဖြင့် အလွန်ရိုသေလေးစားမှုရှိပြီး ဘက်မလိုက်သည့် ထင်ရှားကျော်ကြားသူတစ်ဦးကို လုပ်ပိုင်ခွင့်အာဏာ အပ်နှင်းရန် စဉ်းစားသင့်ကြောင်း ရာမိုစ်-ဟော်တာက အကြံပြုခဲ့သည်။

၁၉၈၀ ပြည့်လွန်နှစ်များနှောင်းပိုင်းနှင့် ၁၉၉၀ ပြည့်လွန်နှစ်များအစောပိုင်းက ကမ္ဘောဒီးယားပဋိပက္ခကို ဖြေရှင်းရန် အာဆီယံက ကူညီပေးခဲ့သည့် အခန်းကဏ္ဍကို ကိုးကား၍ အောင်မြင်သော ကြားဝင်စေ့စပ်ပေးမှုများသည် ပြိုင်ဘက်အဖွဲ့အစည်းများအတွက် နိုင်ငံရေးအရ အကာအကွယ်ပေးနိုင်ပြီး သိက္ခာရှိရှိ ထွက်ခွာနိုင်မည့် လမ်းစကို ဖော်ဆောင်ပေးနိုင်သည့် ပုဂ္ဂိုလ်များအပေါ်တွင် တည်မှီနေတတ်ကြောင်း ၎င်းက ဆိုသည်။

“ငြိမ်းချမ်းရေးဆိုတာ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အဲဒီအတွက် ဒေသတွင်းက အငြိမ်းစားယူထားတဲ့ ကြယ်လေးပွင့်အဆင့်ရှိတဲ့ ဗိုလ်ချုပ်ကြီးတစ်ယောက်လိုမျိုး ဩဇာအာဏာ အလွန်ကြီးမားသူတစ်ယောက် ပါဝင်ဖို့ လိုအပ်ပါတယ်” ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံ၏ ပဋိပက္ခအကျိုးဆက်များသည် နယ်စပ်များကို ကျော်လွန်ကာ ဒုက္ခသည်များ စီးဆင်းလာမှုနှင့် လူသားချင်းစာနာမှုဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်နေရသည့် အိမ်နီးချင်းနိုင်ငံများအပေါ်တွင် ဝန်ထုပ်ဝန်ပိုးများ တိုးပွားလာစေသည်ဟု ၎င်းက ဖြည့်စွက်ပြောဆိုသည်။

အထူးသဖြင့် ရိုဟင်ဂျာများ၏ ဒုက္ခကို ရည်ညွှန်းပြီး နောင်အနာဂတ် မြန်မာ့အရေး ဆွေးနွေးမှုများတွင် ရိုဟင်ဂျာလူထုကို ချန်လှပ်ထားမည်ဆိုပါက မည်သည့်အဖြေရှာမှုမဆို ပြည့်စုံလိမ့်မည်မဟုတ်ကြောင်း၊ ရိုဟင်ဂျာ ပြဿနာကို လျစ်လျူရှုပြီး မြန်မာနိုင်ငံ၏ ပြဿနာကို မဖြေရှင်းနိုင်ဘူးဟု ၎င်းက ဆိုသည်။

နေပြည်တော်ရှိ ခေါင်းဆောင်များအနေဖြင့် မြန်မာနိုင်ငံ၏ မတည်ငြိမ်မှုများသည် အိမ်နီးချင်းနိုင်ငံများအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်လာနေသည်ကို အသိအမှတ်ပြုသင့်ကြောင်း ရာမိုစ်-ဟော်တာက ပြောကြားခဲ့သည်။

“ခင်ဗျားတို့ လုပ်နေတဲ့အရာတွေ၊ ဒါမှမဟုတ် ခင်ဗျားတို့ မလုပ်ချင်ဘဲ နေတဲ့အရာတွေဟာ အိမ်နီးချင်းတွေအပေါ် ဝန်ထုပ်ဝန်ပိုး ဖြစ်စေပါတယ်။ အိမ်နီးချင်းတွေကို မတည်မငြိမ် ဖြစ်စေပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ အာဏာရရှိထားသူတစ်ဦးအနေနဲ့ အကောင်းဆုံးဖြစ်နိုင်တာကတော့ ကြီးမြတ်တဲ့ သဘောထားကြီးမှုကို ပြသပြီး အားလုံးကို စည်းလုံးညီညွတ်အောင် လုပ်ဆောင်ဖို့ပါပဲ” ဟု ၎င်းက နိဂုံးချုပ် ပြောကြားခဲ့သည်။