စစ်တပ်က မြောက်ကိုရီးယား အကူအညီဖြင့် တိုက်ခိုက်ရေး ရေငုပ် သင်္ဘောတည်ဆောက်နေ

မြန်မာနိုင်ငံမှ ရရှိသော ဂြိုလ်တုဓာတ်ပုံများအရ ၎င်းနိုင်ငံ၏ ပထမဆုံး ပြည်တွင်းဖြစ် ရေငုပ်သင်္ဘောကို တည်ဆောက်နေကြောင်း သိရှိရပြီး အဆိုပါ ရေငုပ်သင်္ဘောသည် အလျားအားဖြင့် မီတာ ၄၀ ခန့် ရှိမည်ဟု ခန့်မှန်းရကာ မြောက်ကိုရီးယား၏ Sang O (ဆန်အို) အမျိုးအစား ဒီဇိုင်းပေါ်တွင် အနီးစပ်ဆုံး အခြေခံထားပုံရသည်ဟု ကမ္ဘာတစ်ဝှမ်းရှိ စစ်ရေး၊ စစ်လက်နက်ပစ္စည်း၊ ဂျက်တိုက်လေယာဉ်၊ လေကြောင်းရန်ကာကွယ်ရေးစနစ်များအပြင် ပထဝီနိုင်ငံရေး (Geopolitics) ဆိုင်ရာ စစ်ရေးအခြေအနေများကို အဓိကထားဖော်ပြသည့် Military Watch Magazineက ရေးသားထားသည်။

မြန်မာနိုင်ငံသည် ဆယ်စုနှစ်ပေါင်းများစွာအတွင်း မြောက်ကိုရီးယားထံမှ စစ်လက်နက်ပစ္စည်းများကို အကြိမ်ကြိမ် ဝယ်ယူခဲ့ဖူးပြီး နှစ်နိုင်ငံကြားတွင် ရေရှည်နီးကပ်သော ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု သမိုင်းကြောင်းရှိကြောင်း၊ မြောက်ကိုရီးယားသည် ၁၉၈၀ ပြည့်လွန်နှစ်များကတည်းက အီရန်နိုင်ငံသို့ တိုက်ခိုက်ရေးရေငုပ်သင်္ဘောများ တင်ပို့ခဲ့ဖူးပြီး အခြားသော ဝယ်ယူသူ နိုင်ငံအများအပြားကိုလည်း ၎င်းနှင့်သက်ဆိုင်သည့် နည်းပညာများကို ကမ်းလှမ်းခဲ့ဖူးသည်ဟု ရေးသားထားသည်။

မြောက်ကိုရီးယား၏ ရေငုပ်သင်္ဘော ထုတ်လုပ်ရေးလုပ်ငန်းသည် ကနဦးတွင် ဆိုဗီယက်ယူနီယံထုတ် Romeo အမျိုးအစား ရေငုပ်သင်္ဘောများကို ပြည်တွင်း၌ အစိတ်အပိုင်းများ တပ်ဆင်ခြင်းမှစတင်ခဲ့ကာ နောက်ပိုင်းတွင် ၎င်းတို့ကိုယ်ပိုင် အဆင့်မြင့်ရေယာဉ်များကို တီထွင်ထုတ်လုပ်နိုင်သည်အထိ တိုးတက်လာခဲ့ရာ လက်ရှိတွင် Sang O အမျိုးအစား ရေငုပ်သင်္ဘောများသည် ၎င်းတို့ရေတပ်မတော်၏ အဓိက ကျောရိုး ဖြစ်လာခဲ့သည်။

Sang O အမျိုးအစား ရေငုပ်သင်္ဘောများသည် ကျဉ်းမြောင်းပိတ်ဆို့နေသော ကမ်းရိုးတန်းနှင့် ရေတိမ်ပိုင်းဒေသများတွင် လှုပ်ရှားစစ်ဆင်ရန်အတွက် အထူးလျော်ညီအောင် မွမ်းမံထားခြင်းဖြစ်ပြီး၊ အရွယ်အစား ပိုမိုကြီးမားသော ရန်သူ့ရေတပ်မတော်များအပေါ် လှုပ်ရှားစစ်ဆင်ရေးနှင့် အင်အားကာကွယ်ရေးပိုင်းတွင် ကြီးမားသော သက်ရောက်မှုနှင့် ထိခိုက်မှုဒဏ်များကို ပေးစွမ်းနိုင်သည်။ အရွယ်အစားသေးငယ်သော ဒီဇယ်-လျှပ်စစ်စွမ်းအင်သုံး (Diesel-electric) ရေငုပ်သင်္ဘောများသည် စမ်းသပ်စစ်ဆင်မှုများတွင် အမေရိကန်ရေတပ်၏ လေယာဉ်တင်သင်္ဘောများနှင့် ဏုမြူစွမ်းအင်သုံး တိုက်ခိုက်ရေးရေငုပ်သင်္ဘောများကို နစ်မြုပ်စေနိုင်သည်အထိ ထူးကဲသော ရလဒ်ကောင်းများ ရရှိခဲ့ဖူးသဖြင့် ကုန်ကျစရိတ်သက်သာသော အချိုးမညီစစ်ဗျူဟာမြောက် (Asymmetric) စစ်လက်နက်များအဖြစ် များစွာတန်ဖိုးထားကြသည်။

၎င်းရေငုပ်သင်္ဘောများသည် ကျဉ်းမြောင်းသော သင်္ဘောလိုင်းလမ်းကြောင်းများတွင် သွားလာလှုပ်ရှားရင်း ရေမိုင်းများ ထောင်နိုင်သည့်အပြင် တော်ပီဒို (Torpedo) ပစ်ခတ်မှု အမျိုးမျိုးကိုလည်း ပြုလုပ်နိုင်သည်။

မြန်မာနိုင်ငံတွင် တည်ဆောက်နေသည့် ရေငုပ်သင်္ဘောတွင် ဒေါင်လိုက်ဒုံးကျည်ပစ်လွှတ်စနစ် (Vertical launch cells) များ ထည့်သွင်းကာ ခရုစ်ဒုံးကျည် (Cruise missile) များ ပစ်ခတ်နိုင်သည့် စွမ်းဆောင်ရည် ပါဝင်လာနိုင်ခြေရှိပြီး၊ ၎င်းမှာ မကြာသေးမီကမှ မြောက်ကိုရီးယား ရေငုပ်သင်္ဘောဒီဇိုင်းများတွင် စတင်ထည့်သွင်းလာသည့် စွမ်းဆောင်ရည်မျိုး ဖြစ်သည်။

မြောက်ကိုရီးယား၏ ရေငုပ်သင်္ဘောလုပ်ငန်းသည် လွန်ခဲ့သော ဆယ်စုနှစ်အတွင်း သိသာထင်ရှားသော တိုးတက်မှုများ ရရှိခဲ့ပြီး၊ ၂၀၃၀ ပြည့်နှစ်ဝန်းကျင်တွင် စတင်တာဝန်ထမ်းဆောင်နိုင်မည်ဟု မျှော်လင့်ရသည့် ၎င်းတို့၏ ပထမဆုံး ဏုမြူစွမ်းအင်သုံး ရေငုပ်သင်္ဘောကိုယ်ထည်ကိုပင် တည်ဆောက်ပြီးစီးခဲ့ပြီ ဖြစ်သည်။

Sang O အမျိုးအစား ရေငုပ်သင်္ဘောများသည် ကမ်းရိုးတန်းကာကွယ်ရေး၊ အထူးစစ်ဆင်ရေးများနှင့် ရန်သူ့နယ်မြေအတွင်း လျှို့ဝှက်စိမ့်ဝင်မှုမစ်ရှင်များကို လုပ်ဆောင်နိုင်စွမ်းရှိပြီး၊ ၁၉၈၀ ပြည့်လွန်နှစ်များတွင် စတင်တာဝန်ထမ်းဆောင်ခဲ့သည်ဟု ခန့်မှန်းရသည်။ ရေငုပ်လျှင် တန်ချိန် ၃၇၀ ခန့် အလေးချိန်ရှိပြီး သမားရိုးကျ တိုက်ခိုက်ရေးရေငုပ်သင်္ဘောများထက် သိသိသာသာ သေးငယ်သဖြင့် ရေတိမ်ပိုင်းဒေသများတွင် ထိရောက်စွာ လှုပ်ရှားနိုင်သည်။

၎င်း၏ ကျစ်လျစ်သော အရွယ်အစားကြောင့် ရန်သူမသိအောင် ကမ်းရိုးတန်းများသို့ တိတ်တဆိတ် ချဉ်းကပ်နိုင်ပြီး ရန်သူ့နောက်ကျောဘက်သို့ အထူးကွန်မန်ဒိုတပ်ဖွဲ့များကို စေလွှတ်ချထားနိုင်သည်။ အဆိုပါ (ပြည်တွင်းဖြစ်) ရေငုပ်သင်္ဘောများသည် လက်ရှိ မြန်မာ့ရေတပ်မတော်တွင် တာဝန်ထမ်းဆောင်နေသော တရုတ်နိုင်ငံထုတ် Type 035 တိုက်ခိုက်ရေးရေငုပ်သင်္ဘောများ၏ စွမ်းဆောင်ရည်များကို ထိရောက်စွာ ဖြည့်ဆည်းပံ့ပိုးပေးနိုင်လိမ့်မည်ဟု မျှော်လင့်ရသည်ဟု Military Watch Magazineက ရေးသားထားသည် ။