By MPA
စစ်ကိုင်းတိုင်းအတွင်းရှိ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၏ စခန်းအချို့ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန၊ ခရိုင်ကွပ်ကဲရေးအဖွဲ့၏ အမိန့်ဖြင့် ယနေ့(ဇွန် ၂၂ရက်)တွင် ဝင်ရောက်စီးနင်းမှုများ ပြုလုပ်နေကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။
အဆိုပါ စခန်းစီးနင်းမှု ဖြစ်စဥ်အတွင်း မိမိတို့ဘက်မှ စတင်ပစ်ခတ်ခြင်း (သို့မဟုတ်) ကျည်စဖောက်ခြင်း ပြုလုပ်မည်မဟုတ်ဘဲ အေးချမ်းစွာ ထိန်းချုပ်နိုင်ရေး ဆောင်ရွက်နေကြောင်း PLA ရဲဘော်တစ်ဦးဖြစ်သည့် ဝေယံဖြိုးမိုးက၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထာသည်။
“ကျနော်တို့ PLA စခန်းတချို့ကို NUG ခရိုင်ကွပ်ကဲရေးအမိန့်နဲ့ ဝင်ရောက်စီးနင်းနေပါပြီ။ ကျနော်တို့ဘက်က ကျည်စဖောက်မှာ မဟုတ်ပါဘူး။ ဖြစ်စဥ်အသေးစိပ်ကိုတော့ ဆက်လက်ထုတ်ပြန်သွားမှာပါ” ဟု ၎င်းက ရေးသားထားခြင်းဖြစ်သည်။
စစ်ကိုင်းတိုင်းအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ခရိုင်ပကဖ တပ်ဖွဲ့များနှင့် အခြားမဟာမိတ် လက်နက်ကိုင်အဖွဲ့များအကြား နယ်မြေစိုးမိုးရေးနှင့် စစ်ရေးကွပ်ကဲမှုဆိုင်ရာ အငြင်းပွားမှုများကြောင့် ယခင်ကလည်း စခန်းစီးနင်းခြင်း၊ လက်နက်ဖြုတ်သိမ်းခြင်းနှင့် ဖမ်းဆီးထိန်းသိမ်းခြင်း ဖြစ်စဥ်အချို့ ဆက်တိုက်ဖြစ်ပွားခဲ့ဖူးသည်။
ယခင်က စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်နှင့် ရွှေဘိုခရိုင်အတွင်းရှိ အချို့သော ဒေသခံကာကွယ်ရေးအဖွဲ့ (LDF) များနှင့် PLA တပ်ဖွဲ့ခွဲအချို့ကို NUG ကာကွယ်ရေးဝန်ကြီးဌာန (MOD) ၏ စစ်ဒေသကွပ်ကဲရေးအမိန့်ဖြင့် လက်နက်ဖြုတ်သိမ်းရန် တောင်းဆိုခြင်းနှင့် စခန်းများကို ဝိုင်းဝန်းပိတ်ဆို့ခြင်းများ ရှိခဲ့သည်။
စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် အလယ်ပိုင်းဒေသများတွင် ဆက်ကြေးကောက်ခံမှု အငြင်းပွားမှုများ၊ နယ်မြေကျော်လွန်လှုပ်ရှားမှုများကို အကြောင်းပြ၍ ခရိုင်ပကဖများနှင့် စစ်ဒေသတာဝန်ရှိသူများက ကွပ်ကဲမှုအောက်မရှိသော အဖွဲ့များကို စစ်ဆေးမှုများ ပြုလုပ်လေ့ရှိသည်။
ယခုဖြစ်ပွားနေသည့် PLA စခန်းများ ဝင်ရောက်စီးနင်းခံရသည့် ကိစ္စနှင့်ပတ်သက်၍ NUG ကာကွယ်ရေးဝန်ကြီးဌာန (MOD) နှင့် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ၏ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သော PLA ဗဟိုပြန်ကြားရေးဌာနထံသို့ MPA က သီးခြားအတည်ပြုချက် ရယူနိုင်ရန် ဆက်သွယ်နေဆဲ ဖြစ်သည်။
