မုန်း စစ်တပ်စခန်းကို ကေအဲန်ယူ ဝင်စီး၊ သေနတ် ၃ လက် ရရှိ

ဓာတ်ပုံ-ကေအဲန်ယူဗဟို
ပုံစာ- သိမ်းဆည်းမိသော လက်နက်ခဲယမ်းများ။

ညောင်လေးပင်ခရိုင်၊ မုန်း(မူး)မြို့နယ်အတွင်းရှိ ခလရ ၄၃၉ တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ သေနတ်၃လက် သိမ်းဆည်းရမိခဲ့ကြောင်း ကေအဲန်ယူဗဟိုက ယနေ့(ဇွန်၂၂ရက်) သတင်းထုတ်ပြန်သည်။

မုန်း(မူး)မြို့နယ်၊ဒိုးဒိုကျေးရွာအတွင်းရှိ စစ်တပ်စခန်းကို ဇွန်လ၂၀ရက်၊ ည၁၀နာရီ၅၅မိနစ်ခန့်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း၈ က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ကေအဲန်ယူဗဟိုက ထုတ်ပြန်ထားသည့် မှတ်တမ်းဓာတ်ပုံအရ သေနတ်၃လက်၊ လက်ပစ်ဗုံးတစ် လုံး၊ ကျည်ဆန်၊စစ်ဦးထုပ်နဲ့ စစ်ဖိနပ်တို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

“ရန်သူ မထင်ထားတဲ့အချိန်မှာ အလစ်အငိုက်ဝင်စီးတယ်။ရန်သူစခန်းကို သိမ်းမိရင် ဖျက်ဆီးတယ်။ လက်နက်ခဲယမ်း သိမ်းမယ်။ပြန်ဆုတ်မယ်။ကျနော်တို့ မူးပေါ့လေ။သံတောင်ကြီးပေါ့။အဲဘက်က စစ်တပ်စခန်းတွေကို ပြောက်ကျားစစ်ဗျူဟာနဲ့ ဝင်ချေမှုန်းနေတာများတယ်၊ခလရ ၄၃၉ တပ်ရင်း ကတော့ ကညွတ်ကွင်းမြို့မှာ အခြေစိုက်တာ”ဟု ဒေသတွင်း PDF သတင်းရင်းမြစ်က MPAသို့ပြော သည်။

မေလ၂၃ရက်က ကျောက်ကြီးမြို့နယ်၊မုန်း(မူး)မြို့၊ ဘီဗြဲစခန်းဘေးရှိ ထီးလေးထာ နေရာ၌ တပ်စွဲ ထားသည့် ခမရ၅၈၂နှင့် ခမရ၅၈၄ ပူးပေါင်းတပ်ကို ဝင်ရောက်စီးနင်း တိုက်ခိုက် ချေမှုန်းခဲ့ပြီး မေ လ၂၂ရက်ကလည်း စကခ၂၀ လက်အောက်ခံ ခမရ၅၈၂က ဝင်ရောက်တပ်စွဲထားသည့် ရွာကြီးအင်း နှင့် တောင်စုကျေးရွာကြားကို တိုက်ခိုက်ခဲ့ရာ စစ်သား၆ဦးထက်မနည်းသေဆုံးပြီး သေနတ်၁၁လက် သိမ်းဆည်းရမိခဲ့ကြောင်း ကေအဲန်ယူဗဟိုက ထုတ်ပြန်ထားသည်။