ရှမ်းတောင်နှင့် ရှမ်းရှေ့တွင် ငွေညှစ်နေသည့် စစ်တပ်ဂိတ် အားလုံးနီးပါးဖျက်သိမ်း၊ ကုန်ဈေးနှုန်းကျဆင်းရန် ပြည်သူများ မျှော်လင့်

ရှမ်းပြည်နယ်တောင်ပိုင်းနှင့် အရှေ့ပိုင်း လမ်းတစ်လျှောက်တွင် သွားလာနေကြသည့် ခရီးသွားပြည်သူများနှင့် ကုန်သည်များထံမှ ဗြောင်ကျကျ ငွေတောင်းကြမ်းနေသည့် စစ်အုပ်စု၏ စစ်ကော်မရှင် (စကမ) ဂိတ်မှန်သမျှကို လက်ရှိတွင် အကုန်လုံး ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ စစ်ကော်မရှင် ငွေညှစ်ဂိတ်များကို ဖျက်သိမ်းပေးရန် ရှမ်းပြည်နယ်မှ ကုန်သည်ကြီးများက ပြီးခဲ့သည့်နှစ်ကတည်းက စုပေါင်းတောင်းဆိုခဲ့ကြခြင်းဖြစ်သည်ဟု သိရှိထားသူတစ်ဦးက ပြောသည်။

ပြည်တွင်း၌ ကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်နေရခြင်း၏ အဓိကအကြောင်းရင်းများထဲတွင် လမ်းခရီးတစ်လျှောက်၌ လက်နက်အားကိုးဖြင့် ငွေညှစ်နေသည့် စစ်တပ်ဂိတ်များကြောင့်ဖြစ်ကြောင်း အထောက်အထားခိုင်လုံစွာဖြင့် ထောက်ပြကာ နေပြည်တော်အထိ စာတင်တိုင်ကြားခဲ့ပြီးနောက်ပိုင်းတွင် စစ်အုပ်စုဘက်က ယခုကဲ့သို့ ဖျက်သိမ်းခွင့်ပြုလိုက်ခြင်း ဖြစ်ပုံရသည်ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လမ်းပိုင်းအသီးသီး၌ ဂိတ်များအဆင့်ဆင့်ချကာ ပြည်သူများအပေါ် လက်နက်အားကိုးဖြင့် ဗိုလ်ကျစိုးမိုးပြီး စီးပွားရှာခဲ့ကြသည်။

ကားသမားများကို ရိုင်းစိုင်းစွာ ဆက်ဆံခြင်း၊ ငွေမပေးမချင်း ကားတန်းရှည်ကြီးများဖြင့် နာရီပေါင်းများစွာ စောင့်ဆိုင်းခိုင်းခြင်းတို့မှာ စစ်အုပ်စု၏ ပြည်သူလူထုအပေါ် နှိပ်စက်သည့် ပြယုဂ်များဖြစ်ခဲ့သည်။

ဝေဖန်ပြောဆိုချက်များအရ ယခု ဖျက်သိမ်းလိုက်သည့် စစ်ကော်မရှင်ဂိတ်များထဲတွင် ငွေတောင်းကြမ်းလွန်းသဖြင့် နာမည်ဆိုးဖြင့် ကျော်ကြားလှသည့် ဟိုပုံးစစ်တပ်သင်တန်းကျောင်းမှ စစ်သားများ အထိုင်ချထားသော ‘မိုင်းပွန်ဂိတ်’ ပါဝင်ခြင်း ရှိ၊ မရှိကိုမူ တိတိကျကျ အတည်မပြုနိုင်သေးပေ။

ထို့ပြင် တောင်ကြီးမြို့အထွက်ရှိ ၄ မိုင်ဂိတ်နှင့် ၆ မိုင်ဂိတ်များသည် ပြည်သူများကို ဆက်လက်စစ်ဆေးရန် ကျန်ရှိနေဦးမည်ဖြစ်ကြောင်း အဆိုပါအကြောင်းအရာကို သိရှိသူတစ်ဦးက ပြောကြားသည်။

ယခုကဲ့သို့ လမ်းတစ်လျှောက်တွင် အထိုင်ချထားသည့် စစ်တပ်ငွေညှစ်ဂိတ်များ မရှိတော့သဖြင့် ယခင်ကဲ့သို့ ကားတန်းရှည်ကြီးများဖြင့် စောင့်ဆိုင်းရခြင်းမျိုး မရှိတော့ဘဲ ကုန်စည်စီးဆင်းမှု ပိုမိုမြန်ဆန်လာမည်ဖြစ်ကြောင်း ၎င်းက သုံးသပ်မှတ်ချက်ပေးသည်။

၎င်းအပြင် လမ်းခရီးကြန့်ကြာမှုနှင့် ဂိတ်ကြေးများ မရှိတော့သည့်အတွက် ခရီးသည်ယာဉ်စီးခများနှင့် ကုန်တင်ခများပါ ကျဆင်းလာနိုင်ပြီး၊ ပြည်သူများ ခါးစည်းခံနေရသည့် ကုန်ဈေးနှုန်းများလည်း အနည်းနှင့်အများ ပြန်လည်ကျဆင်းလာလိမ့်မည်ဟု အသေးစား၊ အလတ်စား ကုန်သည်များနှင့် ပြည်သူလူထုက ကြီးကြီးမားမား မျှော်လင့်နေကြသည်။

စစ်အုပ်စုသည် တပ်တွင်းရိက္ခာနှင့် အသုံးစရိတ်များ မလောက်ငှမှုကို ပြည်သူများ၏ လမ်းခရီးသွားလာခွင့်အပေါ် ဓားပြတိုက်ငွေညှစ်သည့်နည်းလမ်းဖြင့် ဖြည့်ဆည်းခဲ့ကြခြင်းဖြစ်ပြီး၊ ယခုကဲ့သို့ ရှမ်းတောင်နှင့် ရှမ်းရှေ့ရှိ ဂိတ်များကို ဖျက်သိမ်းလိုက်ခြင်းသည် ပြည်သူများအတွက် အသက်ရှူချောင်စေမည့် သတင်းကောင်းတစ်ခု ဖြစ်လာခဲ့သည်။

ကုန်သည်များနှင့် ပြည်သူလူထုကမူ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် အရှေ့ပိုင်းလမ်းပိုင်းများတင်မကဘဲ တိုက်ပွဲများပြင်းထန်နေသည့် ရှမ်းပြည်နယ်မြောက်ပိုင်း လမ်းပိုင်းများနှင့် နိုင်ငံတစ်ဝှမ်းလုံးတွင်ရှိသည့် အလားတူ ငွေညှစ်စစ်တပ်ဂိတ်များကိုပါ အမြန်ဆုံး အပြီးတိုင် ဖျက်သိမ်းပေးရန် ဆက်လက်တောင်းဆို ဝေဖန်နေကြကြောင်း သိရသည်။

ဓာတ်ပုံ – လူမှုကွန်ရက်