Toy Story 5 ရုပ်ရှင် မြောက်အမေရိက၌ ဒေါ်လာ သန်း ၁၆၀ ရပြီး ၂၀၂၆ အတွင်း အကောင်းဆုံး အဖွင့်စံချိန်တင်

ဓာတ်ပုံ - AFP

Disney ၏ နာမည်ကျော် Pixar အန်နီမေးရှင်းရုပ်ရှင်ဖြစ်သည့် Toy Story 5 ဟာ ရုပ်ရှင်ရုံတင် ပွဲဦးထွက် သီတင်းပတ်အတွင်း မြောက်အမေရိကဒေသတွင်း၌ အမေရိကန်ဒေါ်လာ ၁၆၀ သန်း (စင်ကာပူဒေါ်လာ ၂၀၆ ဒသမ ၈ သန်းခန့်) ရှာဖွေနိုင်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ၂၀၂၆ ခုနှစ်အတွင်း အကောင်းဆုံး အဖွင့်သီတင်းပတ် ဝင်ငွေစံချိန်ကို စိုက်ထူသွားခဲ့ကြောင်း ရုပ်ရှင်လောက ကိန်းဂဏန်းအချက်အလက်များအရ သိရသည်။

အဆိုပါရုပ်ရှင်ကို အမေရိကန်နိုင်ငံ၏ ‘ဖခင်များနေ့’ အထိမ်းအမှတ် သီတင်းပတ်ကုန်ရက်တွင် စတင်ရုံတင်ပြသခဲ့ခြင်းဖြစ်ပြီး ယခင်ထွက်ရှိခဲ့သည့် Toy Story ရုပ်ရှင်စီးရီးများအနက် အဖွင့်ဝင်ငွေအကောင်းဆုံး စံချိန်သစ်လည်း ရရှိခဲ့သည်။

ယခုထွက်ရှိသည့် Toy Story 5 ဇာတ်လမ်း၌ ကောင်ဘွိုင်ရုပ်လေး ဝုဒ်ဒီ (Woody)၊ အာကာသရဲဘော် ဘတ်ဇ်လိုက်ရီးယား (Buzz Lightyear) နှင့် ၎င်းတို့၏ အရုပ်အဖွဲ့သားများသည် ခေတ်သစ်နည်းပညာများဖြစ်သည့် ‘တက်ဘလက်’ (Tablet) ကွန်ပျူတာများနှင့် ကလေးငယ်များ၏ အာရုံစိုက်မှုရရှိရန် အပြိုင်အဆိုင်ကြားထဲမှ ရပ်တည်ရှင်သန်ခွင့်အတွက် ရုန်းကန်ရပုံကို ပုံဖော်ထားခြင်းဖြစ်သည်။

ရုပ်ရှင်လောက လေ့လာဆန်းစစ်သူ ဒေးဗစ် အေ ဂရော့စ် (David A. Gross) က ယခုအချိန်သည် မိသားစုအလိုက် ရုပ်ရှင်ကြည့်ရှုကြသည့် ရာသီဖြစ်ပြီး Toy Story 5 က ပရိသတ်ကို အပြည့်အဝ ဆွဲဆောင်နိုင်ခဲ့ကြောင်း သုံးသပ်ထားသည်။

ယင်းအပြင် ထိုဇာတ်ကား၏ အဖွင့်ဝင်ငွေသည် ယခင်ထွက်ရှိခဲ့သည့် Toy Story 4 ထက် ၃၇ ရာခိုင်နှုန်းအထိ ပိုမိုမြင့်မားခဲ့ခြင်းကြောင့် ၂၀၁၈ ခုနှစ် ဇွန်လက ဒေါ်လာ ၁၈၂ ဒသမ ၇ သန်း ရရှိခဲ့သည့် Incredibles 2 ပြီးလျှင် ရုပ်ရှင်သမိုင်းတစ်လျှောက် အဖွင့်ဝင်ငွေ အကောင်းဆုံး ဒုတိယမြောက် အန်နီမေးရှင်းရုပ်ရှင် ဖြစ်လာရန် ရှိနေသည်။

Toy Story 5 ရုပ်ရှင်တွင် ကမ္ဘာကျော်မင်းသားကြီး တွမ်ဟန့်စ် (Tom Hanks)၊ တင်မ်အလန် (Tim Allen) နှင့် ဂျွန်ကျူးဆပ်ခ် (Joan Cusack) တို့က အဓိကအသံဇာတ်ကောင်များအဖြစ် ပြန်လည်သရုပ်ဆောင်ထားကြပြီး အမေရိကန်နှင့် ကနေဒါနိုင်ငံတစ်ဝှမ်းရှိ ရုပ်ရှင်ရုံပေါင်း ၄,၄၂၅ ရုံတွင် တစ်ပြိုင်နက် ပြသခဲ့ခြင်းဖြစ်သည်။

ယခုသီတင်းပတ်ကုန် မြောက်အမေရိက Box Office ဝင်ငွေစာရင်း၏ ဒုတိယနေရာတွင် ကမ္ဘာကျော်ဒါရိုက်တာ စတီဗင်စပီးဘာ့ဂ် (Stephen Spielberg) ရိုက်ကူးပြီး မင်းသမီး အမ်မလီဘလန့် (Emily Blunt) နှင့် ဂျော့ရှ်အိုကွန်နာ (Josh O’Connor) တို့ အဓိကပါဝင်ထားသည့် သိပ္ပံရုပ်ရှင် Disclosure Day က ဒေါ်လာ ၁၇ သန်း ထပ်မံရရှိခဲ့ပြီး စုစုပေါင်းဝင်ငွေ ၇၈ ဒသမ ၂ သန်းအထိ ရရှိထားသည်။

တတိယနေရာတွင်မူ Focus Features မှ ထုတ်လုပ်ပြီး ရုံတင်ပြသမှု ၆ ပတ်မြောက်ရှိပြီဖြစ်သည့် အမှီအခိုကင်း သရဲရုပ်ရှင် Obsession က ဒေါ်လာ ၁၄ သန်း ထပ်မံရရှိကာ ပြည်တွင်းစုစုပေါင်းဝင်ငွေ ၂၁၅ ဒသမ ၈ သန်းဖြင့် ဆက်လက်ရပ်တည်နေသည်။

စတုတ္ထနေရာတွင် A24 ၏ သရဲရုပ်ရှင် Backrooms က ဒေါ်လာ ၇ ဒသမ ၃ သန်း (၄ ပတ်မြောက် စုစုပေါင်းဒေါ်လာ ၁၇၅ သန်း) နှင့် ပဉ္စမနေရာတွင် Paramount မှ ထုတ်လုပ်သည့် ဟာသရုပ်ရှင် Scary Movie က ရုံတင်ပြသမှု ၃ ပတ်မြောက်တွင် ဒေါ်လာ ၆ ဒသမ ၇ သန်း အသီးသီး ရရှိခဲ့ကြသည်။

ရုပ်ရှင်လောက သုံးသပ်ချက်များအရ ၂၀၂၃ ခုနှစ် ကပ်ရောဂါအလွန်ကာလမှစတင်ကာ မိသားစုလိုက် ကြည့်ရှုနိုင်သည့် အန်နီမေးရှင်းရုပ်ရှင်များ၊ သက်ရှိသရုပ်ဆောင်ပုံစံ ပြန်လည်ဆန်းသစ်ထားသည့် ရုပ်ရှင်များနှင့် နောက်ဆက်တွဲရုပ်ရှင် (Sequels) များသည် ဟောလိဝုဒ်ရုပ်ရှင်လုပ်ငန်း၏ ဝင်ငွေအကောင်းဆုံးကဏ္ဍအဖြစ် ဆက်လက်ဦးဆောင်နေကြောင်း သိရသည်။