ရန်ကုန်မြို့တွင် စစ်မှုထမ်းစာရင်းဖြင့် အိမ်ထဲထိ ဝင်ဖမ်းခံရသူ တစ်ပတ်အတွင်း ၄ဦး ရှိကြောင်း Rangoon Scout Network- RSN က သတင်းထုတ်ပြန်သည်။
ဇွန်လ၁၅ရက်မှ ၂၁ရက်အတွင်း တာမွေနှင့် လှိုင်တို့တွင် တစ်ဦးစီနှင့် တောင်ဒဂုံတွင် ၂ဦး အိမ်ထဲထိ ဝင်ရောက်ဖမ်းဆီးခြင်းခံရကြောင်း သိရသည်။
“တာမွေက တစ်ယောက်ကတော့ ညှိပြီး ပြန်လွတ်လာပါတယ်။ လှိုင်က တစ်ယောက်က အိမ်တွင်းရန် ဖြစ်တာမှာ တိုင်ခံလိုက်ရလို့ ဖမ်းပြီး စစ်မှုထမ်းဖို့ ပို့ခံလိုက်ရတယ်လို့ သိရပါတယ်။ လိုက်ညှိနေတုန်း လို့ ကြားပါတယ်။ နောက် တောင်ဒဂုံက ၂ ယောက်ကတော့ စည်ပင်ဝင်းထဲကပါ၊ သူတို့ကိုတော့ ပြန် လိုက်ထုတ်လို့ မရဘူးလို့ ကြားပါတယ်ဗျ”ဟု RSN တာဝန်ရှိသူက MPAသို့ပြောသည်။
ယင်းတစ်ပတ်တာအတွင်း ရန်ကုန်စည်ပင်နယ်နိမိတ် ၁၀မြို့နယ်၌ စစ်အုပ်စု၏ မတရားဖမ်းဆီးခံရသူ ၁၄ဦး၏ ဖြစ်စဉ်ကို သိရှိခဲ့ကြောင်း RSN က ဆိုသည်။
အိမ်ထဲအထိ ဝင်ဖမ်းခြင်းအပြင်နှင်းဆီပန်းပန်၍ဟုဆိုကာ ဖမ်းဆီးခံရသူ တစ်ဦး၊ သပိတ်လုပ်ထားခဲ့ သည့်နေရာကို ဖြတ်သွားစဉ် ခေါ်စစ်ပြီး မသင်္ကာ၍ ဖမ်းဆီးခံရသူ ၂ ဦး၊ လမ်းပေါ် စောင့်ဖမ်းခံရသည့် ကျောင်းဆရာမ ၂ ဦး၊ ဧည့်စစ်ပြီး ဖမ်းဆီးခံရသူ ၂ ဦးနှင့် လမ်းပေါ် ကားဖြင့်ဆွဲခံရသူ ၃ ဦးတို့ရှိ ကြောင်း သိရသည်။
