တိုင်းရင်းသားလက်နက်ကိုင်နယ်မြေမဟုတ်ဘဲ မကွေးကဲ့သို့သောဒေသတွင် စစ်တပ် ရဟတ်ယာဉ်ကို FPV ဒရုန်းဖြင့် တိုက်ခိုက်နိုင်ခဲ့ခြင်းမှာ ဒေသခံတော်လှန်ရေးတပ်ဖွဲ့များအတွက် အားရစရာ အောင်မြင်မှုဖြစ်ကြောင်း စစ်လက်နက်နှင့်တိုက်ခိုက်ရေးဆိုင်ရာ သုံးသပ်ချက်များ ဖော်ပြနေသည့် Tactical Raptor က ဖော်ပြသည်။
ဒရုန်းလာချိန်တွင် စစ်အုပ်စုတပ်ဖွဲ့ဝင်များ တစ်ယောက်မှ ခုခံလိုစိတ်မရှိ၊ လက်နက်ငယ်နဲ့ ပစ်ချရန် မကြိုးစားဘဲ ပြေးကြသည်မှာလည်း ဝမ်းသာစရာဖြစ်ကြောင်းလည်း ဆိုသည်။
“ အဲ့လောက် လူအင်အားနဲ့ ဝိုင်းပစ်ရင် ဒရုန်းကို ထိရင်ထိသွားနိုင်တယ်”ဟု Tactical Raptor က ဆိုသည်။
ကနဦးသတင်းများအရ ရဟတ်ယာဉ် မီးလောင်ပျက်စီးသွားပြီး အကျအဆုံးရှိသည်ဟု ပြောကြသော် လည်း အတည်မပြုနိုင်သေးကြောင်းနှင့် တိုက်ခိုက်မှု အပြီးတွေ့ရသည့် aftermath ဗီဒီယိုပါ ထုတ်ပြလာလျှင် အတည်ပြုနိုင်မှာဖြစ်ကြောင်း သုံးသပ်သည်။
“ပြောရရင် စစ်တပ်ထဲမှာ မင်းအောင်လှိုင်ကစလို့ အောက်ခြေအထိ စစ်သားစိတ် မရှိတော့တာ အရင် စစ်အစိုးရလက်ထက်ကတည်းကပါ။ကိုယ့်မိသားစု ဘယ်လိုကြီးပွားချမ်းသာအောင်လုပ်ကြမလဲဆိုတဲ့ စိတ်ပဲ ရှိတော့တယ်။အခု ၂၁(၂၀၂၁ခုနှစ်)ဒီဘက်ကျတော့ ရှေ့တန်းထွက်နေတဲ့ အရာရှိ၊အရာခံအား လုံးက ငါမသေရေးပဲ အဓိကစဉ်းစားတယ်။အဲဒါကြောင့် ရဟတ်ယာဉ်ကို ဒရုန်းဝင်ဆောင့်တာမြင်ပေ မဲ့ မပစ်ဘဲ ထွက်ပြေးကြတာ မဆန်းဘူး”ဟု နယ်စပ်ဒေသအခြေစိုက် CDM အရာရှိတစ်ဦးက MPA သို့ ပြောသည်။
မြိုင်မြို့နယ်တစ်နေရာရှိ Mi 17 ရဟတ်ယာဉ်ကို FPV ဒရုန်း အနည်းဆုံး ၂စင်း ထိမှန်သည်ဟု ယူဆ ကြောင်း ဒရုန်းတစ်စင်းသည် Cargo door နားကို ထိမှန်ခြင်းကြောင့် ထိချက်မကောင်းနိုင်သော် လည်း နောက်တစ်စင်းက အင်ဂျင်နားကို ထိမှန်ခြင်းကြောင့် catastrophic kill မရသည့်တိုင် ထိခိုက်မှု များနိုင်ကြောင်း Tactical Raptor က သုံးသပ် သည်။
“ပေါက်ကွဲမှုဖြစ်တဲ့နေရာက ဘယ်ဘက် portside ရဲ့ cockpit နဲ့ engine ကြားနေရာ ဖြစ်မယ် ယူဆ ရပါတယ်”ဟု Tactical Raptor က ဖော်ပြသည်။
Mi 17 စစ်ဘက်ဆိုင်ရာ သယ်ယူပို့ဆောင်ရေးရဟတ်ယာဉ်တစ်စင်းကို ဇွန် ၂၃ ရက်တွင် အမျိုးသား ညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပခုက္ကူခရိုင်ပကဖ၊ ပေါက်ပကဖ၊ မြိုင်ပကဖ၊ မင်းဘူး ခရိုင်အမှတ် ၄ တပ်ရင်းသင်တန်းသားများနှင့် MGY-PDF၊ အညာဖိုက်တာ Localတပ်ဖွဲ့ နှင့် စကား ပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်တပ်ဘက်က သေဆုံး၊ ထိခိုက်မှုများရှိ သည်ဟု ကနဦး သိရှိရကာ အသေးစိတ် ထပ်မံ ထုတ်ပြန်သွားမည်ဟု ပကဖအသံက ထုတ်ပြန်ထား သည်။
