ရန်ကုန်၊ မန္တလေးနှင့် စစ်ကိုင်းတိုင်းတို့တွင် ယနေ့ ဇွန်လ ၂၄ ရက် နံနက် ၁၁ နာရီကျော်က ငလျင်လှုပ်ခတ်ကြောင်း သိရသည်။
ယင်းတိုင်းများအတွင်းရှိ မြို့နယ်အချို့တွင် ငလျင်လှုပ်ခတ်ခဲ့သည်ကို ခံစားသိရှိခဲ့ရသည်ဟု ဒေသခံများက ဆိုသည်။
ရန်ကုန်မြို့တွင် သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာပ၊ ဒေါပုံ၊ တာမွေ၊ သာကေတ အစရှိသည့် မြို့နယ်များတွင်နေထိုင်သူများက ငလျင် နှစ်ကြိမ်လှုပ်ခတ်ခဲ့သည်ကို ခံစားသိရှိခဲ့ကြောင်း ယင်းမြို့ခံများ၏ လူမှုကွန်တွင် မျှဝေထားချက်များအရ သိရသည်။
“လှုပ်တာ ၂ ခါရှိပြီ။ လေတွေလည်းတိုက် မီးလည်းဖြတ်လိုက်ပြီ” ဟု သင်္ဃန်းကျွန်းမြို့နယ်မှာနေထိုင်သူတစ်ဦးက ၎င်း၏ လူမှုကွန်ရက်မှတစ်ဆင့် ပြောသည်။
ရန်ကုန်မှာ ငလျင်လှုပ်မလှုပ်နှင့်ပတ်သက်၍ စစ်အုပ်စု၏ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနဘက်က ထုတ်ပြန်ထားခြင်းမရှိသေးပေ။
သို့သော် စစ်ကိုင်းတိုင်း ရွှေဘိုမြို့၏ အရှေ့ဘက် (၈) မိုင်ခန့်အကွာ မြောက်လတ္တီတွဒ် (၂၂.၅၈) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၈၂) ဒီဂရီ၊ အနက်(၁၄) ကီလိုမီတာကို ဗဟိုပြု၍ ပမာဏ ရစ်ချ်တာစကေး ၄ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း ယင်းဌာနက နံနက် ၁၁ နာရီ မိနစ် ၅၀ ခန့်တွင် သတင်းထုတ်ပြန်လာသည်။
အမေရိကန်ငလျင်တိုင်းတာရေးဌာန USGS ကတော့ ယနေ့မနက်ပိုင်းအတွင်း မြန်မာနိုင်ငံပြည်တွင်းကို ဗဟိုပြုပြီး ငလျင် ၄ ကြိမ်လှုပ်ခတ်ထားကြောင်း ၎င်းတို့၏ မိုဘိုင်းလ်အက်ပလီကေးရှင်းများကတစ်ဆင့် ကြေညာထားသည်။
ယနေ့ နံနက် ၄ နာရီကျော်တွင် စစ်ကိုင်းတိုင်းထဲကို ဗဟိုပြုပြီး အင်အား ရစ်ချ်တာစကေး ၃ ဒသမ ၄၀ ရှိငလျင်တစ်ခုလှုပ်ခဲ့ပြီး နံနက် ၈ နာရီခွဲကျော်မှာလည်း ရှမ်းပြည်နယ် တောင်ပိုင်း လွိုင်လင်ခရိုင်အတွင်းရှိ ဝမ်ခကျေးရွာအနီးဗဟိုပြုပြီး အင်အား ၂ ဒသမ ၂၀ အဆင့်ရှိငလျင်တစ်ခုလှုပ်ခတ်ခဲ့သလို နံနက် ၁၁ နာရီခန့်တွင် မန္တလေးတိုင်းအတွင်းရှိ ဒီဂါကျေးရွာအနီးတွင် အင်အား ရစ်ချ်တာစကေး ၄ ဒသမ ၃၀ အဆင့်ရှိ ငလျင်တစ်ခုနှင့် စစ်ကိုင်းတိုင်း၊ ဂွေးဒေါက်ကန်ရွာအနီးတွင် အင်အား ရစ်ချ်တာစကေး ၃ ဒသမ ၃၀ အဆင့်ရှိငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း USGS က အသိပေးထားသည်။
