လှိုင်၊၁၄ ရပ်ကွက်တွင် စစ်မှုထမ်းအတွက် ညဘက် အိမ်ပေါ်တက် ဖမ်းဆီးခံရသူ ၁၅ ဦးကျော် ရှိပြီ

ဓာတ်ပုံ-ပေးပို့
ပုံစာ- လှိုင်မြို့နယ်၊၁၄ရပ်ကွက်တစ်နေရာ။

ရန်ကုန်မြို့၊လှိုင်မြို့နယ်၊၁၄ရပ်ကွက်အတွင်း စစ်မှုထမ်းအတွက် ညဘက် အိမ်ပေါ်တက်ဖမ်းဆီးခံရသူ ၁၅ဦးကျော်ပြီဖြစ်ကြောင်း သိရသည်။

လှိုင်မြို့နယ်၊၁၄ရပ်ကွက်အတွင်းရှိ လူငယ်များကို အုပ်ချုပ်ရေးမှူးနှင့်အပေါင်းအပါတို့က ညနက်ပိုင်း တွင် အိမ်ထဲသို့ အလစ်အငိုက်ဝင်ကာ ဖမ်းဆီးနေခြင်းဖြစ်ကြောင်း ၁၄ရပ်ကွက်နေ ပြည်သူတစ်ဦးထံ က သိရသည်။

“၁၄ ရပ်ကွက်မှာ ညဘက် အိမ်ထဲထိ စစ်မှုထမ်းဆိုပြီး ည ၁၂ နာရီမှာ ဝင်ဆွဲလို့ ပြီးခဲ့တဲ့ ၃-၄ ရက်က ၂ ယောက်ပါသွားတယ်။ ရပ်ကွက်ထဲကနေ ပါတာ ၁၅ ယေက်ကကျော်နေပြီ”ဟု ၎င်းက MPAသို့ပြော သည်။

၁၄ရပ်ကွက်အုပ်ချုပ်ရေးမှူးသည် အခြားရပ်ကွက်သားဖြစ်ပြီး ၁၄ရပ်ကွက်အတွင်း၌ အုပ်ချုပ်ရေးမှူး လုပ်မည့်သူမရှိသဖြင့် ခန့်ထားခြင်းဖြစ်ကြောင်း သိရသည်။

“အခု အဲဒီရပ်ကွက်မှာ လူငယ်ပိုင်းတွေ၊ လူလတ်ပိုင်းတွေ တခြားမှာ ပြောင်းအိပ်ကြရတာ ကြာပြီ” ဟု ၎င်းက ဆက်လက်ပြောသည်။

ရန်ကုန်မြို့ ရပ်ကွက်တိုင်းရှိ အုပ်ချုပ်ရေးမှူးရုံးများတွင် စစ်မှုထမ်းအကျုံးဝင်လူငယ်များစာရင်းရှိ ကြောင်း လှိုင်မြို့နယ်ထွေအုပ်ရုံးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။