ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ရွာသည် တိုက်ပွဲဇုန်အတွင်းကျရောက်နေသောကြောင့် ဒေသခံများသည် စစ်ဘေးရှောင်နေသော်လည်း စစ်ကော်မရှင်က နေရပ်ပြန်လာရန် ပြောဆိုနေပြီး ပြန်မလာသူများ၏ အိမ်ခြံမြေများကို သိမ်းမည်ဟု ခြိမ်းခြောက်မှုများရှိနေကြောင်း စုံစမ်းသိရှိရသည်။
လွိုင်ကော်မြို့ရှိ စိန်တစ်လုံး ဘုန်းကြီးကျောင်းတွင် ငွေတောင်ရွာမှ စစ်ဘေးရှောင်များ ခိုလှုံနေပြီး ပြီးခဲ့သည့် စက်တင်ဘာ ဒုတိယပတ်က လွိုင်ကော်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာရှိများ လာရောက်ကာ ပြည်သူများ ငွေတောင်ရွာသို့ ပြန်လည်နေထိုင်နိုင်ပြီဖြစ်ကြောင်းနှင့် တပ်မတော်မှ လုံခြုံရေးကိစ္စ အ၀၀ကို တာဝန်ယူမည်ဟု ပြောဆိုခဲ့ကြောင်း မြေပြင်သတင်းရင်းမြစ်က ပြောသည်။
“လွိုင်ကော်က စိန်တစ်လုံးဘုန်းကြီးကျောင်းမှာ စစ်ရှောင်နေသူကို လွိုင်ကော်အထွေထွေအုပ်ချုပ်ရေးမှုးကလာမေးတယ်။ ပြန်နေကြမလားတဲ့၊ပြန်နေမယ်ဆိုသူတွေကို ဓာတ်ပုံရိုက်ထားတယ်။ ပြန်မနေရင်တော့ အိမ်သိမ်းမယ်၊ ခြံမြေတွေသိမ်းမယ်။အကြမ်းဖက်တွေဆီမှာနေရင် မလုံခြုံဘူး၊ ဘာညာဆိုပြီး စသလိုလိုနဲ့ ခြိမ်းခြောက်သွားတယ်”ဟု ၎င်းကပြောသည်။
ဒေသခံများကို တိုက်ပွဲဇုန်အတွင်း ပြန်လည်နေထိုင်ရန် ညွှန်ကြားထားသူမှာ ကယားပြည်နယ် ဝန်ကြီးချုပ် ဇော်မျိုးတင်၊ ရပခတိုင်းမှူး နိုင်ဇော်ဦးနှင့် ဒကစမှူး အောင်ကျော်ခိုင်တို့ ဖြစ်ကြောင်းလည်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။
ထို့ပြင် စက်တင်ဘာ ၁၅ရက်က စစ်ကော်မရှင်တာဝန်ရှိသူအချို့သည် ငွေတောင်ရွာသစ်မှ ဒေသခံများ တစ်အိမ်တစ်ယောက်နှုန်းဖြင့် ရွာသို့ ပြန်လာနေထိုင်ရမည်ဖြစ်ကာ၊ လာရောက်မနေထိုင်သည့် အိမ်များကို ပိုင်ရှင်မရှိဟု သတ်မှတ်ပြီး သိမ်းပိုက်မည်ဟု ထွေအုပ်ရုံးက ပြောဆိုကြောင်း ငွေတောင်ရွာဟောင်းမှ စစ်ရှောင်တစ်ဦးက ပြောသည်။
“အခုစစ်တပ်က ပြန်လာနေခိုင်းနေတာပေါ့။ ကျမတို့ကတော့ မပြန်တော့ဘူး။ အခုဒေါငံခါးမှာတိုက်ပွဲတွေဖြစ်နေတာ။ ရွာကလဲ ၁၀၂တပ်နားမှာဆိုတော့ လက်နက်ကြီးက ရွာပေါ်ကဖြတ်လိုက်၊ ကျလိုက်ပေါ့။ တချို့အိမ်တွေဆို ကားလမ်းမနဲ့ကပ်နေတော့ ခဏခဏထိတယ်။ အိမ်နေရာတွေက အခုလက်ရှိတိုက်ပွဲဖြစ်နေတဲ့ လမ်းကြောင်းတည့်တည့်မှာကို၊ ကျမတို့က စစ်တပ်ရှိလို့ မပြန်တာမဟုတ်ဘူး။ အိမ်သိမ်းမှာကြောက်ပေမယ့် သေမှာကို ပိုကြောက်လို့ပါ။စ စ်ရှောင်တာကို ဘယ်သူမှ မပျော်ဘူးလေ”ဟု ၎င်းကပြောသည်။
လက်ရှိတွင် ငွေတောင်ရွာ(ဟောင်း)အတွင်းသို့ ပြန်လည်ဝင်ရောက်နေထိုင်ရန် စာရင်းပေးဓာတ်ပုံအရိုက်ခံသည့် ဒေသခံ ၃၀ဦးထက်မနည်းရှိပြီး စားနပ်ရိက္ခာထောက်ပံ့ပစ္စည်းများလည်း ရယူခဲ့ကြကြောင်း အမည်မဖော်လိုသည့် ငွေတောင်ရွာဟောင်းနေ ဒေသခံတစ်ဦးက ပြောသည်။
“ဒီအပတ်ထဲမှာ ငွေတောင်ရွာထဲကို လူစီးကားတွေ ဖြတ်ခွင့်ပေးထားတယ်။ ပစ္စည်းတွေရွှေ့ပြီးပြန်နေကြတာပေါ့။ ရွာထဲမှာက ဘုန်းကြီးတွေ၊ လယ်စိုက်သူတွေနဲ့ ပြန်နေတဲ့သူ နည်းနည်းပဲရှိတယ်။ လက်နက်ကြီးတွေဆို ၁၀၂က ပစ်တာရော၊ တော်လှန်ရေးတပ်ဖွဲ့ကပစ်တာရော နှစ်ခုလုံးက ရွာပေါ်ကနေ ဖြတ်သွားတာဆိုတော့ လုံခြုံလားမေးရင်တော့ မလုံခြုံဘူးပေါ့”ဟု ၎င်းက ပြောသည်။
ငွေတောင်ရွာ(ဟောင်း)သည် စစ်ကောင်စီတပ်၏ ခလရ ၁၀၂တပ်နှင့် အနီးဆုံးနေရာတွင် ရှိနေပြီး နှစ်ဖက် ပစ်ခတ်သည့် လက်နက်ကြီးလမ်းကြောင်းအပြင် တိုက်ပွဲများဖြစ်ပွါးနေသည့် ဒေါငံခါးရွာအနီးတွင်ရှိနေကြောင်း သိရသည်။
စစ်ကော်မရှင်သည် ကရင်နီပြည်နယ်အတွင်း ရွေးကောက်ပွဲ ပြုလုပ်နိုင်ရန်နှင့် ခလရ ၁၀၂ တပ်ရင်းအနီး တော်လှန်ရေးတပ်ဖွဲ့များ မဝင်ရောက်နိုင်စေရန် ဒေသခံများကို လူသားဒိုင်းကာသဘောများထားရှိစေရန်အတွက် ငွေတောင်ရွာပြည်သူများကို ပြန်လာနေခိုင်းခြင်းဖြစ်ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)၏ စစ်ရေးအရာရှိတစ်ဦးကမှတ်ချက်ပြုထားသည်။
