မြန်မာနိုင်ငံတွင် အမေရိကန်သံတမန်ကို ထိုင်းနိုင်ငံသူ ဇနီးဟောင်းက ‘သတ်ဖြတ်’မှု သေဒဏ်အထိ ချမှတ်ခံရနိုင်သည့် အခြေအနေရှိနေ

By MPA

ရန်ကုန်မြို့ရှိ ဟိုတယ်တစ်ခုတွင် ဦးခေါင်းနှင့် လည်ပင်း၌ ဓားဒဏ်ရာများဖြင့် သေဆုံးနေသည့် အမေရိကန်သံတမန် ဒန်နီရယ် ရီဗာ (Daniel Riva) အမှုတွင်၊ မုန့်လုပ်ဆရာမတစ်ဦးဖြစ်သူ ဇနီးဟောင်း ပါဝီနီ ဆူပါစီရီဗီဆန် (Pavinee Supasirivisan) မှာ သေဒဏ်အထိ ချမှတ်ခံရနိုင်သည့် အခြေအနေရှိနေကြောင်း The Timeကဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် သေဆုံးခဲ့သည့် အမေရိကန် သံတမန်ဟောင်း၏ ဇနီးဟောင်းဖြစ်သူ ထိုင်းအမျိုးသမီးအား လူဝင်မှုကြီးကြပ်ရေးဥပဒေ ချိုးဖောက်မှု စွဲချက်ဖြင့် အင်္ဂါနေ့က ရန်ကုန်မြို့ရှိ တရားရုံးတစ်ခုတွင် ရုံးထုတ်စစ်ဆေးခဲ့ကြောင်း အမှုနှင့်နီးစပ်သည့် ရှေ့နေတစ်ဦးထံမှ သိရသည်။

ပါဝီနီ ဆူပါစီရီဗီဆန် (Pavinee Supasirivisan) အမည်ရှိ အဆိုပါ ထိုင်းအမျိုးသမီးသည် ပြီးခဲ့သည့် မေလအတွင်းက ဖြစ်ပွားခဲ့သည့် အမေရိကန်သံတမန် အသတ်ခံရမှုတွင် လူသတ်မှုဖြင့်ပါ တရားစွဲဆိုခံထားရသူ ဖြစ်သည်။

သို့သော် လတ်တလောတွင် မြန်မာနိုင်ငံအတွင်း ပြစ်မှုကျူးလွန်သည့် နိုင်ငံခြားသားများကို အရေးယူသည့် ကနဦး လူဝင်မှုကြီးကြပ်ရေးဥပဒေဖြင့် အရင်ဆုံး စစ်ဆေးနေခြင်း ဖြစ်သည်။

ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်တရားရုံးတွင် ပြုလုပ်သည့် ဒုတိယအကြိမ် ရုံးချိန်း၌ လဝကအရာရှိများ အပါအဝင် တရားလိုပြသက်သေ ၃ ဦးကို စစ်ဆေးခဲ့ကြောင်း စစ်ကောင်စီ၏ ဖိအားပေးမှုများကို စိုးရိမ်သဖြင့် အမည်မဖော်လိုသည့် ရှေ့နေတစ်ဦးက ပြောသည်။

“သူ့ဘက်က လိုက်ပါဆောင်ရွက်ပေးမယ့် ရှေ့နေ ၂ ဦး တရားရုံးမှာ ရှိနေပေမယ့် အသေးစိတ် အခြေအနေနဲ့ ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံခြင်း ရှိ၊ မရှိကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး” ဟု အဆိုပါ ရှေ့နေက ဆိုသည်။

လတ်တလော စွဲချက်တင်ထားသည့် လဝကဥပဒေအရ ပြစ်ဒဏ်သည် ထောင်ဒဏ် ၆ လမှ ၅ နှစ်အထိ ကျခံရနိုင်ကြောင်း သိရသည်။

ကမာရွတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ အရာရှိတစ်ဦးကလည်း သက်သေများကို စစ်ဆေးခဲ့သည်မှာ မှန်ကန်ကြောင်း အတည်ပြုသော်လည်း မီဒီယာများကို ဖြေဆိုခွင့်မရှိသဖြင့် အသေးစိတ်အချက်အလက်များကို ပြောကြားရန် ငြင်းဆိုခဲ့သည်။

အဆိုပါ လဝကအမှုအား မည်မျှကြာအောင် စစ်ဆေးမည်ကို မသိရသေးသလို၊ ထောင်ဒဏ် ၁၀ နှစ်မှ သေဒဏ်အထိ ချမှတ်နိုင်သည့် လူသတ်မှုစွဲချက်ဖြင့် မည်သည့်အချိန်တွင် ဆက်လက်စစ်ဆေးမည်ကိုလည်း မပြတ်သားသေးပေ။

၂၀၂၁ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အရပ်သားအစိုးရထံမှ စစ်တပ်က အာဏာသိမ်းယူခဲ့ပြီးနောက် မြန်မာနိုင်ငံတစ်ဝန်း ဆန္ဒပြမှုများနှင့်အတူ ပြည်တွင်းစစ်မီး တောက်လောင်နေသည့် အခြေအနေတွင် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့၊ အကျဉ်းဦးစီးဌာနနှင့် တရားရုံးများသည် သတင်းမီဒီယာများကို ဖြေဆိုရန် ငြင်းဆန်လေ့ရှိပြီး သတင်းထောက်များကိုလည်း တရားခွင်အတွင်း ဝင်ရောက်ခွင့် ပိတ်ပင်ထားသည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကမူ ၎င်းတို့၏ နိုင်ငံသားဖြစ်သူ အဆိုပါအမျိုးသမီးအတွက် ကောင်စစ်ဆိုင်ရာ ကူညီပံ့ပိုးမှုများ ပေးအပ်နေကြောင်း အတည်ပြုသော်လည်း ကျန်ရှိသည့် အချက်အလက်များကို ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

သေဆုံးသူ အမေရိကန်သံတမန် (အမည်ထုတ်ဖော်ပြောဆိုခြင်းမရှိ) ကို ပြီးခဲ့သည့် မေလ ၁၁ ရက်နေ့က အမေရိကန်သံရုံးနှင့် ၁.၅ ကီလိုမီတာ (၁ မိုင်ခန့်) အကွာရှိ နိုင်ငံခြားသားများနှင့် သံတမန်များ အနေများသည့် Sakura Residence)ဟိုတယ်အခန်းအတွင်း ဦးခေါင်းနှင့် လည်ပင်းတို့တွင် ဓားဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ၎င်းတို့၏ သံတမန်တစ်ဦး သေဆုံးခဲ့မှုကို အတည်ပြုထားသော်လည်း သေဆုံးသူ၏ အမည်အပါအဝင် အခြားအချက်အလက်များကို ထုတ်ပြန်ခြင်း မရှိသေးပေ။

Ref – AP , Time