ဘီးလင်းတွင် စစ်တပ် လက်နက်ကြီး ထိမှန်ကာ အမွှာကိုယ်ဝန်ဆောင်အပါအဝင် ၂ဦးသေဆုံး

မွန်ပြည်နယ်၊ဘီးလင်းမြို့နယ်၊ ပဏ္ဍိကုန်းကျေးရွာထဲသို့ စစ်တပ်ပစ်ခတ်သည့် လက်နက်ကြီးများ ကျရောက်ပေါက်ကွဲခဲ့ရာ အမွှာကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင် ၂ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဇွန်လ၂၂ရက်၊ညနေ ၅နာရီခန့်တွင် ဘီးလင်းမြို့နယ်အခြေစိုက် ခမရ ၃ မှ လက်နက်ကြီး ၂လုံး ပစ်ခတ်ခဲ့ရာ ပဏ္ဍိကုန်းကျေးရွာထဲသို့ကျရောက်ပေါက်ကွဲခဲ့ကြောင်း ကေအဲန်ယူဗဟိုက ယနေ့(ဇွန်၂၅ ရက်)သတင်းထုတ်ပြန်သည်။

“ကိုယ်ဝန်သည်က ဆေးရုံရောက်မှ ဆုံးတယ်။ဆုံးမှပဲ ဗိုက်ထဲမှာ ကလေး အမွှာမှန်း သိတယ်။ တောမှာ ဆိုတော့ အန်ထရာဆောင်းတွေဘာတွေလည်း မရိုက်ကြည့်ထားတော့ အမွှာမှန်း ဘယ်သိမ လဲ”ဟု သထုံခရိုင်အခြေစိုက် PDFရဲဘော်တစ်ဦးက MPAသို့ပြောသည်။

လက်နက်ကြီးတစ်လုံးသည် သေဆုံးသွားသည့် မဇင်မာအေး(၄၁နှစ်)အိမ်သို့ ကျရောက်ခဲ့ခြင်းဖြစ်ပြီး ၎င်းသည် ကိုယ်ဝန် ၇လရှိပြီဖြစ်ကြောင်း ကေအဲန်ယူဗဟိုက ဆိုသည်။

လက်နက်ကြီး နောက်တစ်လုံးမှာ ပဏ္ဍိကုန်းကျေးရွာအတွင်းရှိ ကိုမောင်အေး၏ နေအိမ်အနီးသို့ ကျ ရောက်ခဲ့ပြီး ၎င်း၏ သမီး မိစနေ(၁၁နှစ်) ကျည်စထိမှန်၍ သေဆုံးခဲ့ကာ ကိုမောင်အေးနှင့် နောက် ထပ်သမီးတစ်ဦးတို့ ဒဏ်ရာရခဲ့ကြောင်း ကေအဲန်ယူဗဟိုက ထုတ်ပြန်သည်။

“ကိုမောင်အေးသမီးက ရွာမှာပဲ ဆုံးသွားတယ်။ပွဲချင်းပြီးလား၊မပြီးလားတော့ မမေးမိဘူး”ဟု ၎င်းက ဆက်လက်ပြောသည်။

လက်နက်ကြီးစ ထိမှန်ကာ နွားတစ်ကောင်သေဆုံးပြီး နောက်တစ်ကောင် ဒဏ်ရာရခဲ့သေးသည်။