ပြည်သူများ ဆင်းရဲမွဲတေမှုနှင့် ရွေးချယ်စရာလမ်းမရှိမှုကြောင့် ဘိန်းစိုက်တောင်သူများကို ရာဇဝတ်ကောင်အဖြစ် မသတ်မှတ်ဟု RCSS ဆို

By MPA

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) သည် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့တွင် မူးယစ်ဆေးဝါးဆိုင်ရာ မူဝါဒနှင့် ၂၀၂၅ ခုနှစ်မှ ၂၀၂၆ ခုနှစ်အတွင်း ဖမ်းဆီးရမိမှု စာရင်းဇယားများကို ထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် RCSS အနေဖြင့် မူးယစ်ဆေးဝါး ပြဿနာများကို ဖြေရှင်းရန်အတွက် လူမှုစီးပွား ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို အခြေခံသည့် ရေရှည်တည်တံ့သော ဖြေရှင်းနည်းများကို ပိုမိုဦးစားပေး လုပ်ဆောင်သွားမည်ဟု ဖော်ပြထားသည်။

ဒေသခံပြည်သူများသည် ဆင်းရဲမွဲတေမှုနှင့် အခြားရွေးချယ်စရာ လမ်းမရှိမှုတို့ကြောင့် ဘိန်းစိုက်ပျိုးခြင်းနှင့် တရားမဝင် လုပ်ငန်းများဘက်သို့ တွန်းပို့ခံနေရခြင်း ဖြစ်သည်ဟု RCSS က ဆိုသည်။

ထို့ကြောင့် ဘိန်းစိုက်တောင်သူများကို ရာဇဝတ်ကောင်များအဖြစ် သတ်မှတ်မည်မဟုတ်ဘဲ အစားထိုး ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များကို ပံ့ပိုးပေးမည်ဟု ဆိုသည်။

အထူးသဖြင့် ဒေသခံပြည်သူများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ နိုင်ငံတကာ မိတ်ဖက်များနှင့် ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် တရားမဝင် စီးပွားရေးလုပ်ငန်းများမှ ရေရှည်အစားထိုး နိုင်မည့် တရားဝင်ကုန်စည် စျေးကွက်များနှင့် မြေယာပိုင်ဆိုင်ခွင့်များကို ကာကွယ်ပေးနိုင်မည်ဟု ဖော်ပြထားသည်။

မူးယစ်ဆေးဝါး သုံးစွဲမှုကြောင့် ဖြစ်ပေါ်လာသည့် ကျန်းမာရေးနှင့် လူမှုရေးဆိုးကျိုးများကို ဖြေရှင်းရန်အတွက် မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ၊ INGO များနှင့် ပူးပေါင်းပြီး ထိခိုက်လွယ်သော လူထုအတွက် ဆေးဝါးကုသမှုနှင့် ပညာပေးခြင်းများကို ဆောင်ရွက်မည်ဟု RCSS ဆိုသည်။

တရားမဝင် မူးယစ်ဆေးဝါး ထုတ်လုပ်မှုနှင့် ရောင်းဝယ်ဖောက်ကားမှုများကို တင်းကြပ်စွာ တားမြစ်ထားနေစဉ် မိမိတို့သည် ပြင်းထန်သော ထိပ်တိုက်ရင်ဆိုင်မှုများထက် ပူးပေါင်းဆောင်ရွက်ရေးများကို ပိုမိုဦးစားပေးမည်ဖြစ်ကြောင်း၊ ဥပဒေအရ အရေးယူဆောင်ရွက်ခြင်းကို နော်ကဆုံးနည်းလမ်းအနေဖြင့်သာ အသုံးပြုပြီး ဒေသခံလူထု၏ ယုံကြည်မှုနှင့် လူမှုရေး သဟဇာတဖြစ်မှုကို မြှင့်တင်ခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် အားလုံးပါဝင်နိုင်သော နေရာတစ်ခု ဖန်တီးပေးကာ၊ ပူးပေါင်း ဆောင်ရွက်သော ချဉ်းကပ်မှုနည်းလမ်းသည် တရားမဝင်ကွန်ရက်များတွင် ပါဝင်နေသူများအား ရေရှည် တည်တံ့ပြီး တရားဝင်သော စီးပွားရေးလုပ်ငန်းများထံသို့ ဘေးကင်းလုံခြုံစွာ ကူးပြောင်းနိုင်ရန် အားပေးကူညီမည်ဖြစ်သည့်အပြင် ညီညွတ်သော လုပ်ဆောင်မှုများမှ တဆင့် သျှမ်းပြည်၊ သျှမ်းပြည်သူများနှင့် ကမ္ဘာ့အသိုင်းအ၀ိုင်းအား မူးယစ်ဆေးဝါး၏ ဆိုးရွားလှသော သက်ရောက်မှုများမှ ကင်းဝင်းစေရန်နှင့် ဘေးကင်း လုံခြုံမှုရှိစေရန် အာမခံနိုင်မည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

RCSS ၏ ၂၀၂၅ ခုနှစ်နှင့် ၂၀၂၆ ခုနှစ်များအတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဆောင်ရွက်ချက်များအရ ဘိန်း ၃၉၁.၉၂ ဂရမ်၊ ဘိန်းဖြူ ၁၁၁.၄၃ ဂရမ်နှင့် စိတ်ကြွဆေးပြား ၁၂,၈၅၂,၆၁၉ ပြားကို ဖမ်းဆီးရမိခဲ့ကာ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်သူ စုစုပေါင်း ၇၇ ဦးကို ဖမ်းဆီးနိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မူးယစ်ဆေးစွဲသူများအား ပြန်လည်ထူထောင်ရေး ဆောင်ရွက်ပေးမှု အနေဖြင့် အမျိုးသား ၅၄၂ ဦးနှင့် အမျိုးသမီး ၁၅ ဦး၊ စုစုပေါင်း ၅၅၇ ဦးကို ပြန်လည်ထူထောင်ပေးခဲ့ကာ ပြည်သူများနှင့် တပ်ဖွဲ့ဝင်များအတွက် မူးယစ်ဆေးဝါး အသိပညာပေးလုပ်ငန်းများကို ၂၀ ကြိမ် ပြုလုပ်ခဲ့ပြီး စုစုပေါင်း လူဦးရေ ၃,၂၂၁ ဦး တက်ရောက်ခဲ့သည်။

ယင်းပြင် မူးယစ်ဆေးဝါးနှင့်အတူ ဆက်စပ်ဖမ်းဆီးရမိသည့် လက်နက်ခဲယမ်းများတွင် ပစ္စတို ၆ လက်၊ ရိုင်ဖယ် ၃ လက်၊ AK47 ၁ လက်၊ AK47 ကျည်ကပ် ၁၃ ခု၊ ကျည်ဆန်မျိုးစုံ ၄၂၄ တောင့်၊ လက်ပစ်ဗုံး ၁ လုံးနှင့် စကားပြောစက် ၈ လုံး ပါဝင်သည်။ တစ်ဆက်တည်းမှာပင် တာဝန်ရှိသူများသည် တယ်လီဖုန်း ၁၈ လုံး၊ မော်တော်ဆိုင်ကယ် ၂၅ စီးနှင့် လေးဘီးမော်တော်ယာဉ် ၂ စီးတို့ကိုပါ သိမ်းဆည်းရမိခဲ့သည်ဟု RCSS က ထုတ်ပြန်ထားသည်။