စစ်ကော်မရှင်က နိုင်ငံတကာတွင် လူရာမဝင်ခဲ့မှုကို အငြိုးထားပြီး CTUM ခေါင်းဆောင်များကို ဖမ်း၀ရမ်းထုတ်ကာ၊ ပတ်စ်ပို့များပယ်ဖျက်မှု ပြုလုပ်‌

By MPA

စစ်ကော်မရှင်သည် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) ၏ ဗဟိုကော်မတီဝင်များနှင့် ခေါင်းဆောင်များအား ဖမ်းဝရမ်းထုတ်ခြင်းနှင့် နိုင်ငံကူးလက်မှတ် (Passport) များကို ပျက်ပြယ်ကြောင်း ကြေညာခြင်း စသည့် လုပ်ရပ်များအပေါ် CTUM က ကန့်ကွက်ရှုံ့ချကြောင်း ထုတ်ပြန်ချက်ကို ယနေ့(ဇွန် ၂၆ရက်)တွင် ထုတ်ပြန်ခဲ့သည်။

စစ်ကော်မရှင်သည် CTUM ဗဟိုကော်မတီဝင်များအား ရာဇသတ်ကြီးပုဒ်မ ၁၂၄-(က) ဖြင့် ဖမ်းဝရမ်းထုတ်၍ လိုက်လံဖမ်းဆီးနေသည့်အပြင်၊ ဗဟိုကော်မတီဝင် (၂၇) ဦး၏ နိုင်ငံကူးလက်မှတ်များကိုပါ ပျက်ပြယ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ထို့ပြင် ပြည်ပရှိ မြန်မာသံရုံးများမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများ၏ နိုင်ငံခြားရေးဌာနများသို့ အကြောင်းကြားစာများ ပေးပို့ကာ ခရီးသွားလာခွင့်ကို ပိတ်ပင်တားဆီးလျက်ရှိကြောင်း ထိုကဲ့သို့ အပြည်ပြည်ဆိုင်ရာ ခရီးသွားလာမှုကို ပိတ်ပင်ခြင်းသည် နိုင်ငံသားတစ်ဦး၏ အခြေခံအခွင့်အရေးနှင့် လူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်း ဖြစ်သည်ဟု CTUM ကဆိုသည်။

ရာဇသတ်ကြီးပုဒ်မ ၁၂၄-(က) တွင် မည်သူမဆို နှုတ်ဖြင့်ဖြစ်စေ၊ အမှတ်အသားဖြင့်ဖြစ်စေ၊ ပုံသဏ္ဍာန်ဖြင့်ဖြစ်စေ၊ အခြားနည်းလမ်းဖြင့်ဖြစ်စေ ဥပဒေအရ တည်ထောင်ထားသော အစိုးရအပေါ် မုန်းထားအောင် သို့မဟုတ် မေတ္တာပျက်အောင် လှုံ့ဆော်ပါက ငွေဒဏ်နှင့်တကွ တစ်သက်တစ်ကျွန်းဒဏ် ဖြစ်စေ၊ ငွေဒဏ်နှင့် ထောင်ဒဏ်ဖြစ်စေ ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားသည်။

သို့သော် လက်ရှိစစ်ကော်မရှင်သည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို မတရားသော နည်းလမ်းမျိုးစုံဖြင့် အဓမ္မသိမ်းပိုက်ထားခြင်း ဖြစ်ကာ၊ ၎င်းတို့ကိုယ်ကိုယ် ဥပဒေအရ တည်ထောင်ထားသည့် အစိုးရအဖြစ် သတ်မှတ်နေသော်လည်း မြန်မာပြည်သူလူထုနှင့် အပြည်ပြည်ဆိုင်ရာ အစိုးရများက ၎င်းတို့ကို အစိုးရတစ်ရပ်အဖြစ် လုံးဝအသိအမှတ်မပြုဘဲ လူသတ်၊ ဓားပြ၊ အကြမ်းဖက်သမားများအဖြစ်သာ ရှုမြင်ကြသည်ဟု CTUMက ဆိုသည်။

လက်ရှိတွင် စစ်ကော်မရှင်အား လက်မခံကြောင်း ပြသသည့်အနေဖြင့် ပြည်တွင်း၌ CTUM အပါအဝင် ပြည်သူသန်းပေါင်းများစွာက နည်းမျိုးစုံဖြင့် ဆန့်ကျင်တော်လှန်နေကြကြောင်း၊ ပြည်ပတွင်လည်း CTUM သည် နိုင်ငံတကာ အလုပ်သမားသမဂ္ဂများနှင့် ချိတ်ဆက်ကာ စစ်ကော်မရှင်အား အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ချုပ် (ILO) နှင့် ကမ္ဘာ့ကုလသမဂ္ဂ (UN) တို့တွင် မြန်မာနိုင်ငံကို ကိုယ်စားပြုခွင့်မရစေရန် အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်နေသည်။

စစ်ကော်မရှင်၏ ယခုလုပ်ရပ်များသည် အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂများနှင့် နိုင်ငံတကာ၏ ဖိအားများကို မဖြေရှင်းနိုင်သဖြင့် CTUM ခေါင်းဆောင်များနှင့် အဖွဲ့ဝင်များအပေါ် တန်ပြန်ဖိအားပေး နှိပ်ကွပ်ရန် ကြိုးစားခြင်းသာ ဖြစ်သည်ဟု ယင်းအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

CTUM သည် လွတ်လပ်စွာ ဖွဲ့စည်းထားသော အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်တစ်ခု ဖြစ်ကာ စစ်အာဏာမသိမ်းမီ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်နေ့ကတည်းက ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုကြောင်း၊ အစိုးရအသစ်ကို ကြိုဆိုထောက်ခံကြောင်းနှင့် အာဏာသိမ်းနောက်ကြောင်းပြန်မည့် မည်သည့်အခြေအနေကိုမဆို ဆန့်ကျင်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

CTUM ကို ၁၉၉၁ ခုနှစ်တွင် မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FTUB) အဖြစ် စတင်တည်ထောင်ခဲ့ပြီး၊ လူမှုတရားမျှတမှု၊ ဒီမိုကရေစီရေး၊ အလုပ်သမားအခွင့်အရေးနှင့် အလုပ်သမားသမဂ္ဂ အခွင့်အရေးများ ရရှိရေးအတွက် စဉ်ဆက်မပြတ် လှုပ်ရှားဆောင်ရွက်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ဒီမိုကရေစီ၏ အခြေခံအုတ်မြစ်နှင့် လူမှုတရားမျှတမှုအတွက် အဓိကကျသော “လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခွင့် (Freedom of Association – FoA)နှင့် စုပေါင်းညှိနှိုင်းတောင်းဆိုခွင့် (Right to Collective Bargaining) တို့ကို စစ်ကော်မရှင်က ဖျက်ဆီးကာ ၎င်းတို့အာဏာတည်မြဲရေးအတွက်သာ ဆောင်ရွက်နေခြင်း ဖြစ်သည့်အတွက် CTUM အနေဖြင့် မည်သည့်ဖိအားမျိုးကိုမဆို ကြံ့ကြံ့ခံပြီး ပြည်တွင်းရှိ အလုပ်သမား ပြည်သူများ၊ နိုင်ငံတကာအသိုင်းအဝိုင်းများနှင့် လက်တွဲကာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေး၊ ဒီမိုကရေစီ ပြန်လည်ရရှိရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုစနစ် ပေါ်ပေါက်လာရေးတို့အတွက် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း သန္နိဋ္ဌာန်ပြု ထားသည်။