ဟောင်ကောင်တွင် ယခုနှစ်အတွက် ကမ္ဘာ့အင်အားအပြင်းဆုံး တိုင်ဖုန်း ရာဂါဆာအတွက် ပြင်ဆင်နေ

ဓာတ်ပုံ - AFP
ပုံစာ - စက်တင်ဘာ ၂၃ ရက်က စူပါတိုင်ဖုန်း ရာဂါဆာ (Ragasa) ဟောင်ကောင်သို့ ချဉ်းကပ်လာချိန်၌ ရေကြီးရေလျှံမှုကို တားဆီးရန် ပြင်ဆင်ထားသော သဲအိတ်များဘေးမှ လမ်းလျှောက်နေသည့် အမျိုးသားတစ်ဦးကို တွေ့ရစဉ်

ဟောင်ကောင်တွင် ယခုနှစ်အတွက် ကမ္ဘာ့အင်အားအပြင်းဆုံး တိုင်ဖုန်း ရာဂါဆာ(Ragasa) အတွက် ပြင်ဆင်နေ ယနေ့တွင် ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည်။

တိုင်ဖုန်း ရာဂါဆာသည် လေတိုက်နှုန်းတစ်နာရီလျှင် ၂၂၀ ကီလိုမီတာနှုန်းဖြင့် ဟောင်ကောင်ဆီသို့ ဦးတည်ရွေ့လျားနေသည်။

အဆိုပါ မုန်တိုင်းသည် ဟောင်ကောင်မြို့၌ မကြာသေးမီသမိုင်းတွင် အဖျက်ဆီးဆုံး မုန်တိုင်းများထဲမှ တစ်ခုဖြစ်လိမ့်မည်ဟု အာဏာပိုင်များက သတိပေးထားသလို ယခုနှစ် ကမ္ဘာပေါ်တွင် အင်အားအကြီးဆုံး အပူပိုင်းမုန်တိုင်းလည်းဖြစ်သည်။

ဟောင်ကောင်၌ ယနေ့တွင် ကျောင်းများကို ပိတ်ခဲ့ပြီး လေကြောင်းခရီးစဉ်များကို ဖျက်သိမ်းထားသည်။

တရုတ်ပြည်မကြီးရှိ အာဏာပိုင်များကလည်း မြို့ပေါင်း ၁၀ မြို့ထက်မနည်းရှိ လုပ်ငန်းများနှင့် ကျောင်းများကို ပိတ်ရန် အမိန့်ထုတ်ပြန်ထားသည်။

အဆိုပါ စူပါတိုင်ဖုန်းသည် တောင်တရုတ်ပင်လယ်၏ မြောက်ဘက်ခြမ်းကိုဖြတ်၍ အနောက်နှင့် အနောက်မြောက်သို့ ရွေ့လျားကာ ကွမ်တုံးပြည်နယ် ကမ်းရိုးတန်းနှင့် နီးကပ်လာမည်ဟု ခန့်မှန်းရသည်။

ဟောင်ကောင်၏ သဘာဝပတ်ဝန်းကျင် စောင့်ကြည့်လေ့လာရေးဌာနသည် လေပြင်းတိုက်ခတ်မည့် အချက်ပေးအချက်ပြမှုကို ထုတ်လွှင့်ထားပြီးဖြစ်သည်။

တိုင်ဖုန်း ရာဂါဆာသည် မနေ့က ဖိလစ်ပိုင်မြောက်ပိုင်းကို ရိုက်ခတ်ခဲ့ပြီး သေဆုံးသူ ၃ ဦးထက်မနည်းရှိခဲ့သည်။

သေဆုံးသူများထဲတွင် ဘန်ဂွတ် ပြည်နယ်၊ တူဘာတောင်ပေါ်မြို့ရှိ ကျဉ်းမြောင်းသောလမ်းပေါ်သို့ တောင်နံရံမှ ရွှံ့၊ ကျောက်များနှင့် သစ်ပင်များ ပြိုကျလာပြီး ကားလေးစီးထဲမှ တစ်စီးတွင် ပိတ်မိကာ ဆေးရုံသို့ ခေါ်ဆောင်သွားစဉ် သေဆုံးခဲ့သည့် အသက် ၇၄ နှစ်အရွယ် အမျိုးသားတစ်ဦး ပါဝင်သည်။

အခြားရွာသားနှစ်ဦးလည်း မုန်တိုင်းကြောင့် သေဆုံးခဲ့ပြီး၊ ထိုအထဲတွင် ယမန်နေ့က စူပါတိုင်ဖုန်း ကုန်းတွင်းဝင်ရောက်ခဲ့သည့် ကာဂါယန် ပြည်နယ်မြောက်ပိုင်း ကမ်းလွန်ရှိ ကျွန်းစုများထဲမှ တစ်ခုဖြစ်သော ကာလာယန် မြို့မှ ဒေသခံတစ်ဦးလည်း ပါဝင်သည်။