တောင်ဒဂုံ ပျောက်ဆုံးလူငယ်ကို ၂ ပတ်ကျော်ကြာမှ စစ်မှုထမ်းထဲရောက်နေကြောင်း မိသားစု သိ

ရန်ကုန်မြို့၊တောင်ဒဂုံမြို့နယ်အတွင်း ညဘက် အိမ်ပြန်လာစဉ် ပျောက်ဆုံးသွားသော လူငယ်ကို ၂ပတ်ကျော်အကြာ၌ စစ်မှုထမ်းသင်တန်းရောက်နေကြောင်း သိရှိရသည်ဟု မိသားစုဝင်နှင့် နီးစပ် သူတစ်ဦးက ဆိုသည်။

အသက်၃၀ကျော်အရွယ်ရှိ ယင်းလူငယ်သည် ဇွန်လ၁၁ရက်ညက တောင်ဒဂုံမြို့နယ်၊ယောက်ကော် ပန်းခြံအနီးတွင် ပျောက်ဆုံးသွားခြင်းဖြစ်ပြီး ဇွန်လ၂၆ရက်ကျမှ စစ်မှုထမ်းသင်တန်းကျောင်းတစ်ခု သို့ ရောက်ရှိနေကြောင်း ၎င်းက ဖုန်းဆက်သဖြင့် သိရခြင်းဖြစ်သည်။

“ညဘက် အိမ်ပြန်လာတဲ့အချိန် ကားတစ်စီးရောက်လာပြီး ကားပေါ်ဆွဲတင်သွားတာ။အဖမ်းခံရက တည်းက ဖုန်းလည်း သိမ်း၊ပိုက်ဆံတွေလည်း သိမ်းသွားတယ်။အခုစစ်မှုထမ်းသင်တန်းရောက်ပြီး မှပဲ တခြားတစ်ယောက်ရဲ့ အကူအညီနဲ့ ဖုန်းတစ်ချက်ဆက်လို့ရလို့။ ဒါတောင် သူအသိတစ်ယောက်ရဲ့ ဖုန်းနံပါတ်ကို အလွတ်ရနေလို့ ဆက်လို့ အဆင်ပြေတာ”ဟု ၎င်းက MPAသို့ပြောသည်။

ပေါ်တာဆွဲခံရသူအများစုမှာ ဖုန်းဆက်ရန် အခွင့်အရေးရသည့်တိုင် မိသားစုဝင်တို့၏ ဖုန်းနံပါတ်များ ကို အလွတ်မရသဖြင့် ဆက်သွယ်၍ မရကြောင်း သိရသည်။

“အခုလို ပေါ်တာဆွဲခံရပြီး စစ်မှုထမ်းထဲရောက်တာ ထုတ်ပြောရတာက ရန်ကုန်မှာ စစ်မှုထမ်းအ တွက် တကယ်ကို ဆွဲနေတာ ယုံစေချင်လို့။ လူငယ်တွေ ညဘက် အပြင်ထွက်ရင် ဒါမျိုး ဖြစ်နိုင်တယ် ဆိုတာ ပြောပြတာပါ”ဟု၎င်းက ဆက်လက်ပြောသည်။

ရန်ကုန်မြို့ လူပျောက်ဆုံးမှု၏ ၉၅ ရာခိုင်နှုန်းကျော်မှာ စစ်မှုထမ်းအတွက် ပေါ်တာဆွဲခဲ့ရခြင်းဟု ယူဆ ကြောင်း ရန်ကုန်မြို့ ရဲသတင်းရင်းမြစ်က ဆိုသည်။