အခြေခံလူတန်းစားများသည့် မုံရွာမြို့စွန်ရပ်ကွက်များတွင် ပေါ်တာအဆွဲကြမ်းနေသဖြင့် ညနေပိုင်း အချိန်၌ လူငယ်များ အပြင်မထွက်ကြတော့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်း၊မုံရွာမြို့စွန်ရှိ ချမ်းမြဝတီ၊ထန်းတော၊မုံရွာတောင်၊ရွာသစ်၊စက်မှုဇုန်၊နန္ဒာဝန် စသည့် ရပ်ကွက်များရှိ အခြေခံလူတန်းစားများ နေထိုင်ရာနေရာများတွင် စစ်အုပ်စုဝင်တို့က အရပ်ဝတ်များ ဖြင့် သေနတ်များလွယ်ကာ ပေါ်တာဆွဲနေကြောင်း မုံရွာဒေသခံအချို့ထံက သိရသည်။
“အဓိကက ညနေပိုင်း လက်ဖက်ရည်ဆိုင်နဲ့ အရက်ဆိုင်တွေမှာ လူစည်တဲ့အချိန် အိမ်စီးကားနဲ့ ရပ်ကွက်တွေထဲကို အလစ် ဝင်ဆွဲတာ။ပြီးတော့ အလုပ်သမားတွေ အလုပ်ပြန်တဲ့အချိန် ဂိတ်တွေမှာ ဆွဲတယ်။အခုဆို ၃-၄လရှိပြီ။မုံရွာမြို့ပေါ်မှာ လူငယ် ယောကျာ်းလေးဆိုတာ ညနေပိုင်းဆို အပြင်မှာ သွားလာနေတာမြင်ဖို့ တော်တော်ရှားသွားပြီ”ဟု မုံရွာအခြေစိုက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦး က MPAသို့ပြောသည်။
မုံရွာမြို့ဝန်းကျင်ရွာများနှင့် ချင်းတွင်းမြစ်တစ်ဖက်ကမ်းမှ မုံရွာမြို့တွင်း၌ အလုပ်လာလုပ်ကြသော အ လုပ်သမားများသည်လည်း ပေါ်တာအဆွဲခံနေရသဖြင့် အလုပ်လာလုပ်သူပင် လျော့ကျသွားကြောင်း သိရသည်။
“တချို့လည်း ဘယ်လိုမှ မတတ်နိုင်လို့ ကြောက်ကြောက်နဲ့ လာလုပ်တာတော့ရှိတယ်။တချို့လည်း လမ်းမပေါ်ကမဟုတ်ဘဲ ဂိတ်တွေရှောင်ပြီး အသွားအပြန်လုပ်တယ်။အထူးသဖြင့် အလုပ်ပြန်ချိန်ပဲ။ စက်မှုဇုန်မှာလည်း အဲဒီအချိန် ဖမ်းတာ”ဟု ၎င်းက ဆက်လက်ပြောသည်။
မုံရွာမြို့ပေါ်တွင် အမျိုးသမီးနှင့် သက်ကြီးအမျိုးသားများကို ပေါ်တာဆွဲသည်ဟု မကြားမိသေးသော် လည်း လူငယ် အမျိုးသားများကို တောက်လျှောက်ဆွဲနေသဖြင့် စားသောက်ဆိုင်နှင့် လက်ဖက်ရည် ဆိုင် များလည်း စီးပွားပျက်နေကြောင်း မုံရွာမြို့၊ထန်းတောရပ်ကွက်နေ ပြည်သူတစ်ဦးကလည်း ပြောသည်။
“အရင်က ညနေတိုင်းစည်တဲ့ စားသောက်ဆိုင်တွေ၊အရက်ပုန်းဆိုင်တွေကအစ အခု ၃-၄ဝိုင်းရှိရင်ကံ ကောင်းပဲ။ကျနော်တို့ထိပ်နားက လက်ဖက်ရည်ဆိုင်ဆို ပိတ်သွားပြီ။ညနေပိုင်း လူငယ်တွေ ဆိုင်ထိုင် ဖို့မပြောနဲ့၊လမ်းပေါ်မှာကို မရှိတာ”ဟု ၎င်းက ပြောသည်။
ယင်းသို့ ပေါ်တာအဆွဲကြမ်းနေသဖြင့် တတ်နိုင်သူများက မန္တလေးမြို့နှင့်မုံရွာမြို့နယ်အတွင်းရှိ ရွာများ၌ ပြောင်းရွှေ့နေထိုင်ကြကြောင်း သိရသည်။
“ရွာတွေမှာက စစ်ကြောင်းလာရင်တော့ ခဏပြေးပေါ့။စစ်ကြောင်းလာတာကို ကြိုသိကြတော့ သိပ် ပြဿနာမရှိဘူး။မြို့ပေါ်ကျတော့ အရပ်ဝတ်နဲ့ လိုက်ဆွဲတာဆိုတော့ အခုမြို့ပေါ်မှာ ကျန်ခဲ့တဲ့ လူငယ် တွေဆိုတာ ပြေးစရာမြေမရှိလို့၊မတတ်နိုင်လို့၊များသောအားဖြင့်ပေါ့”ဟု ၎င်းက ဆက်လက် ပြောသည်။
ပေါ်တာလိုက်ဆွဲသော စစ်အုပ်စုဝင်များသည် PDFတို့ ပစ်ခတ်ခံရမည်စိုးသဖြင့် အိမ်စီးကား အ နည်းဆုံး ၂စီးဖြင့် သွားလာနေကြကြောင်း သိရသည်။
“တချို့ဆို အရပ်ဝတ်နဲ့ ကျည်ကာတောင် ဝတ်ထားသေးတယ်။အိမ်စီးကား အနည်းဆုံး၂စီး၊ ၃စီး နဲ့ အုပ်လိုက်သွားကြတယ်။အရပ်ဝတ်နဲ့ဆိုတော့ စစ်သားလား၊ရဲလားတော့မသိဘူး။အခုနောက်ပိုင်း အဖမ်းခံရပြီးရင် ပိုက်ဆံပေးလို့ ပြန်လွတ်လာတာမျိုး မကြားမိဘူး။မုံရွာအရှေ့ဘက်ခြမ်းက ရွာနာ မည်တော့ မပြောတော့ဘူး။ရွာကနေ မုံရွာမြို့ပေါ်အလာ အဖမ်းခံရတယ်။မိဘက တတ်နိုင်တော့ သိန်း၂၀၀တောင်းလို့ ပေးလိုက်တယ်။ သိန်း၂၀၀ ပေးပေမဲ့ ပြန်တော့မလွတ်ဘူး”ဟု မုံရွာမြို့လယ် တွင် နေထိုင်သူတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဩဂုတ်လအတွင်း မုံရွာမြို့စွန်ရပ်ကွက်များ၌ ပေါ်တာအဆွဲကြမ်းခဲ့ကြောင်း မုံရွာအခြေ စိုက် တက်ကြွလှုပ်ရှားသူက ပြောသည်။
“များသောအားဖြင့် လကုန်ပိုင်းတွေမှာ အဆွဲများတယ်”ဟု ၎င်းက ဆိုသည်။
စစ်မှုထမ်းအပတ်စဉ်၁၇ ကို စက်တင်ဘာ၁၆ရက်တွင် နိုင်ငံတစ်ဝန်းရှိ စစ်သင်တန်းကျောင်းများ၌ စတင်ဖွင့်လှစ်ခဲ့သည်။
