စစ်အုပ်စုစစ်ကြောင်းက ဖမ်းဆီးပြီးနောက် သတ်ဖြတ်ခြင်းခံရသည့်ပြည်သူ ဇွန်လအတွင်း ၉ဦးရှိ ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း APP က သတင်းထုတ်ပြန်သည်။
ဇွန်လအတွင်း စစ်အုပ်စုလက်ချက်ကြောင့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူ ၇၀ အသက် ဆုံးရှုံးခဲ့ရကြောင်း အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ပြီး အတည်ပြုရန် လိုအပ်နေသူ ၈၂ဦး ရှိသည့် အတွက် စုစုပေါင်း သေဆုံးပြည်သူ ၁၅၂ဦးရှိကြောင်း AAPP ထုတ်ပြန်ချက်၌ ဖော်ပြထား သည်။
“ဇွန်လအတွင်း အတည်ပြုသေဆုံးသူ ၇၀ ထဲက ၉ ဦးက အကြမ်းဖက်စစ်အုပ်စု စစ်ကြောင်းထိုးတဲ့ အချိန်မှာ ဖမ်းဆီး ခေါ်ဆောင်ခြင်းခံခဲ့ရပြီး သတ်ဖြတ်ခြင်းခံခဲ့ရတာပါ”ဟု AAPP တာဝန်ရှိသူတစ်ဦး က MPAသို့ပြောသည်။
၂၀၂၅ခုနှစ်မှ စတင်ကာ စစ်ကိုင်းတိုင်း၌ စစ်ကြောင်းနှင့်တိုးကာ ဖမ်းဆီးခြင်းခံရသည့် ပြည်သူအများ စုမှာ အသတ်ခံရလေ့ရှိကြောင်း မုံရွာအခြေစိုက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။
“အဲဒါကြောင့် ကျနော်တို့ PDFတွေနဲ့ တော်လှန်ရေးအဖွဲ့တွေက စစ်ကြောင်းသတင်းကို ပြည်သူတွေ ကြိုတင်သိရှိပြီး ရှောင်ရှားနိုင်အောင် မျက်ခြေမပြတ် စောင့်ကြည့် သတင်းပေးနေတာ”ဟု ၎င်းက ပြောသည်။
မြန်မာပြည်သူများကို နေ့စဉ် ဗုံးကြဲသတ်ဖြတ်နေသည့် စစ်အုပ်စုကို အိမ်နီးချင်းနိုင်ငံကြီးများနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့က ၎င်းတို့အကျိုးစီးပွားအတွက် ကုလသမဂ္ဂ၌ စည်းရုံးပြောဆိုနေမှုများ ရှိကြောင်း စစ်အုပ်စုနှင့် ထိုက်တန်သည့်နေရာမှာ နိုင်ငံတကာ ရာဇဝတ်တရားရုံးသာဖြစ်ကြောင်း AAPP တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်က ပြောသည်။
