တရုတ်-ဘင်္ဂလားဒေ့ရှ်-မြန်မာ စီးပွားရေးစင်္ကြံကို ဖော်ဆောင်သွားမည်ဟုဆို

By The Daily Star

အဆိုပြုထားသည့် တရုတ်-ဘင်္ဂလားဒေ့ရှ်-မြန်မာ စီးပွားရေးစင်္ကြံ (CBMEC) ကို အကောင်အထည် ဖော်ရန် သန္နိဋ္ဌာန်ချထားကြောင်း ဘင်္ဂလား ဒေ့ရှ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ယာအိုဝမ် (Yao Wen) က ပြောကြားလိုက်သည်။

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် တာရစ် ရာမန် (Tarique Rahman) ၏ ဇွန်လကုန်ပိုင်း တရုတ်နိုင်ငံ ခရီးစဉ်ရလဒ်များနှင့် ပတ်သက်၍ မီဒီယာများကို ရှင်းလင်းပြောကြားစဉ် သံအမတ်ကြီးက ယင်းသို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

“တရုတ်နိုင်ငံအနေနဲ့ ဒီစီးပွားရေးစင်္ကြံကို တည်ဆောက်ဖို့ ဘင်္ဂလားဒေ့ရှ်၊ မြန်မာတို့နဲ့အတူ ရှေ့ဆက်သွားဖို့ သန္နိဋ္ဌာန်ချထားပါတယ်” ဟု ၎င်းက ပြောကြားခဲ့ပြီး အဆိုပါစီမံကိန်းတွင် အိမ်နီးချင်း အိန္ဒိယနိုင်ငံအပါအဝင် အခြားနိုင်ငံများ ပူးပေါင်းပါဝင်လာရေးအတွက်လည်း တရုတ်ဘက်က လမ်း ဖွင့်ကြိုဆိုကြောင်း ဆိုသည်။

တရုတ်-ဘင်္ဂလားဒေ့ရှ်-မြန်မာ စီးပွားရေးစင်္ကြံလမ်းသည် ဒေသတွင်း စီးပွားရေးပူးပေါင်းဆောင်ရွက် မှုသာမက ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာအကြား ဖြစ်ပွားနေသည့် ရိုဟင်ဂျာများ နေရပ်ပြန်လည်ပို့ဆောင် ရေး လုပ်ငန်းစဉ်အတွက်ပါ ပိုမိုကောင်းမွန်သည့် တွန်းအားတစ်ရပ် ဖြစ်လာနိုင်ကြောင်း တရုတ်သံ အမတ်ကြီးက မှတ်ချက်ပြုသည်။

လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုကျော်က အိန္ဒိယနိုင်ငံပါဝင်သော ဘင်္ဂလားဒေ့ရှ်-တရုတ်-အိန္ဒိယ-မြန်မာ (BCIM) စီးပွားရေးစင်္ကြံကို အဆိုပြုခဲ့ဖူးသော်လည်း ပထဝီနိုင်ငံရေးစိုးရိမ်မှုများနှင့် အိန္ဒိယ၏ ဝေခွဲမရ ဖြစ်မှုများကြောင့် အဆိုပါစီမံကိန်းမှာ ရပ်တန့်နေခဲ့ရသဖြင့် ယခုအခါ CBMEC စင်္ကြံလမ်းအဖြစ် ပြောင်းလဲကာ ဘင်္ဂလားဒေ့ရှ်၊ မြန်မာတို့နှင့်အတူ အရှိန်အဟုန်မြှင့် လုပ်ဆောင်ရန် တရုတ်က ပြင် ဆင်လာခြင်းဖြစ်သည်။

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်၏ တရုတ်ခရီးစဉ်အတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင်၊ ဝန်ကြီးချုပ် လီချန် တို့နှင့် တွေ့ဆုံခဲ့ပြီး ၂နိုင်ငံဆက်ဆံရေးကို “ခေတ်သစ် တရုတ်-ဘင်္ဂလားဒေ့ရှ် အနာဂတ် မျှဝေခံစား သည့် အသိုက်အဝန်း” အဆင့်သို့ မြှင့်တင်ခဲ့ကြသည်။

ထို့အပြင် ဒါကာနှင့် ပေကျင်းကြား နိုင်ငံခြားရေးဝန်ကြီးများအဆင့် မဟာဗျူဟာမြောက် ဆွေးနွေးပွဲ ယန္တရားတစ်ခု ထူထောင်ရန်နှင့် သံတမန်ရေးနှင့် ကာကွယ်ရေးဆိုင်ရာ 2+2 ဆွေးနွေးပွဲယန္တရား တစ်ရပ်ကို စူးစမ်းရှာဖွေရန် သဘောတူညီခဲ့ကြသည်။

တရုတ်နိုင်ငံသည် အလားတူ ကာကွယ်ရေးနှင့် သံတမန်ရေး ပူးတွဲဆွေးနွေးမှုပုံစံမျိုးကို ပါကစ္စတန် အပြင် အာဆီယံနိုင်ငံများဖြစ်သော ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအို၊ အင်ဒိုနီးရှား၊ထိုင်း တို့နှင့် ပြုလုပ်ထားသည်။

တရုတ်သံအမတ်ကြီးက ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ပြည်တွင်းရေးတွင် ပြင်ပနိုင်ငံများက ဝင်ရောက်စွက် ဖက်ခြင်းကို ဆန့်ကျင်ကြောင်း ထပ်လောင်းပြောကြားခဲ့ပြီး လက်ရှိတွင် စစ်တကောင်း (Chattogram) ရှိ တရုတ်စီးပွားရေးနှင့် စက်မှုဇုန်၌ တရုတ်ကုမ္ပဏီများက အမေရိကန်ဒေါ်လာ သန်း ၅၀၀ နီးပါး ရင်းနှီးမြှုပ်နှံရန် ကတိပြုထားသည့်အပြင် နောက်ထပ် တရုတ်ကုမ္ပဏီ ၁၂ ခုကလည်း အမေရိကန်ဒေါ်လာ ၉ဒဿမ၂ ဘီလီယံကျော် ထပ်မံရင်းနှီးမြှုပ်နှံရန် စီစဉ်နေကြောင်း သိရသည်။