MPA ရဲ့ ၂၀၂၆ ကမ္ဘာ့ဖလား ၁၆ သင်းအဆင့် ရှုံးထွက်ပွဲကြိုခန့်မှန်းချက်(ဇူလိုင် ၇)

“အိုင်ဘေးရီးယားဒါဘီ! စပိန်လူငယ်တွေကို ရော်နယ်ဒို တားနိုင်မလား?

မနက်ဖြန် ဇူလိုင်လ ၇ ရက်နေ့ နံနက်ပိုင်းမှာတော့ ၂၀၂၆ ကမ္ဘာ့ဖလားရဲ့ ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်တွေထဲက အကြိတ်အနယ်အရှိဆုံးနဲ့ အမျှော်လင့်ရဆုံး ‘ဧရာမ ထိပ်တိုက်တွေ့ဆုံမှုကြီး’ နှစ်ပွဲကို ရှုစားကြရတော့မှာ ဖြစ်ပါတယ်။ ဥရောပတိုက်ရဲ့ အိမ်နီးနားချင်း ကမ္ဘာ့ထိပ်သီးနှစ်သင်းဖြစ်တဲ့ ပေါ်တူဂီနဲ့ စပိန်တို့ရဲ့ အိုင်ဘေးရီးယားဒါဘီ (Iberian Derby) အသေအလဲပွဲကြီးအပြင်၊ မြောက်အမေရိကမြေက အရှိန်တက်နေတဲ့ အိမ်ရှင် အမေရိကန်နဲ့ ဥရောပရဲ့ ရွှေရောင်မျိုးဆက် ဝါရင့် ဘယ်လ်ဂျီယံတို့ရဲ့ ပွဲစဉ်တွေက ဘောလုံးချစ်သူတွေကို အိပ်ရေးပျက်ခံရကျိုး နပ်စေမှာပါ။ ဒီပွဲကြီးနှစ်ပွဲမှာ ဘယ်သူတွေက ကွာတားဖိုင်နယ်ဆီ တက်လှမ်းမလဲဆိုတာ MPA ရဲ့ ဗျူဟာမြောက် ပွဲကြိုသုံးသပ်ချက်တွေနဲ့အတူ တစိမ့်စိမ့် လေ့လာကြည့်လိုက်ရအောင်ပါ။

(၁) ပေါ်တူဂီနဲ့ စပိန် (ဇူလိုင် ၇၊ မြန်မာစံတော်ချိန် နံနက် ၁ နာရီခွဲ)

ပေါ်တူဂီအသင်းဟာ တစ်ဦးချင်းစွမ်းရည် တောက်ပတဲ့ ကစားသမားတွေနဲ့ စုဖွဲ့ထားပြီး ကွင်းလယ်ဖန်တီးမှု ကောင်းမွန်သလို၊ တိုက်စစ်ပိုင်းမှာလည်း တောင်ပံတွေကို အားပြုပြီး လျင်မြန်ပြတ်သားစွာ ဂိုးအဆုံးသတ်တတ်တဲ့ ညှပ်ပိတ်တိုက်စစ်ဟန်ရှိပါတယ်။ ဒါပေမဲ့ ပေါ်တူဂီတို့ အချိတ်အဆက်အရမ်းမမိသေးတာကို ရှေ့ ၄ ပွဲစလုံးမှာ တွေ့မြင်ခဲ့ရပါတယ်။ ဒါပေမဲ့ အဲဒီပွဲတွေမှာ ရလဒ်မဆိုးရွားအောင် ပေါ်တူဂီတို့ ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ အခုပွဲကတော့ ပြိုင်ဘက်ကလည်း အဆင့်မြင့်သလို ရလဒ်ကလည်း သရေဆိုတာ မရှိနိုင်တော့တာကြောင့် အရင်ပွဲတွေထက် ပေါ်တူဂီတို့ အချိတ်အဆက်မိဖို့ ပိုမိုလိုအပ်နေပြီဖြစ်ပါတယ်။

တစ်ဖက်က စပိန်ကိုကြည့်ရင်တော့ သူတို့ရဲ့ ထုံးစံအတိုင်း ဘောလုံးပိုင်ဆိုင်မှု အပြတ်အသတ် ရယူပြီး ကွင်းလယ်ကနေ လူပေးလူယူစနစ် (Positional Play) နဲ့ ပြိုင်ဘက်ကို အသက်ရှူရကြပ်အောင် ကစားမှာပါ။ တောင်ပံက လာမင်း ယာမယ်နဲ့ ဝီလျံတို့လို လူငယ်တွေရဲ့ အမြန်နှုန်းနဲ့ ပွဲကို စိတ်ကြိုက် ပုံဖော်လာမယ့် ပုံစံမျိုး ဖြစ်ပါတယ်။

ဒီနှစ်သင်းရဲ့ လူစာရင်းပိုင်းကို လေ့လာကြည့်မယ်ဆိုရင် လက်ရှိအခြေအနေအရ ပေါ်တူဂီကတောင် အနည်းငယ်သာသယောင်ရှိနေတယ်လို့ ထင်မြင်မိပါတယ်။ ပေါ်တူဂီမှာ ဘရူနို ဖာနန်ဒက်ဇ်၊ ရာဖာအဲလ် လီယာအို တို့လို ပွဲကို အချိန်မရွေး ပြောင်းလဲနိုင်တဲ့ ထိပ်သီးတွေ ရှိသလို၊ ဝါရင့် စူပါစတား ရော်နယ်ဒိုရဲ့ ကမ္ဘာ့ဖလား နောက်ဆုံးအဆင့် စိတ်ဓာတ်ကလည်း အသင်းကို တွန်းအားပေးနေပါတယ်။

စပိန်ကတော့ လာမင်း ယာမယ်နဲ့ နီကို ဝီလျံ စတဲ့ ကမ္ဘာ့အဆင့် တောင်ပံလူငယ်ကြယ်ပွင့်တွေရဲ့ အမြန်နှုန်းက ပေါ်တူဂီနောက်တန်းအတွက် အဓိက သတိထားရမယ့် လက်နက်ကြီး ဖြစ်ပါတယ်။

ဒီနှစ်သင်းရဲ့ နိုင်ခြေခန့်မှန်းတွက်ချက်မှုတွေကို ခြေရာကောက်ကြည့်ခဲ့ရာမှာတော့ စပိန်ဘက်ကို အနည်းငယ်အသာပေးထားတာတွေ့ရပါတယ်။ ပေါ်တူဂီ နိုင်ခြေ ၃၆ ရာခိုင်နှုန်းရှိနေချိန် စပိန်က ၃၉ ရာခိုင်နှုန်းနဲ့ ၃ ရာခိုင်နှုန်းလောက် ပိုနေတာ တွေ့ရပါတယ်။ ဒီနှစ်သင်းအတွက် သရေကျနိုင်ခြေကို ရာခိုင်နှုန်းအများအပြားပေးထားပြီး ၂၅ ရာခိုင်နှုန်းအထိ ရှိနေပါတယ်။

ဒါကြောင့်ပဲ ခြေမကွာတဲ့ နှစ်သင်းကို ဘွတ်ကီဒိုင်တွေရဲ့ ကြေးလိုင်းကလ်ညး အလွန်ကျဉ်းမြောင်းပြီး စပိန်ကို Level/အပေါ် အနည်းငယ် ပေးထားပါတယ်။ ဒါကြောင့် ကြေးလိုင်းတွေအရ သုံးသပ်ရရင် ဒီပွဲက ပုံမှန်မိနစ် ၉၀ အတွင်း သရေကျဖို့ အခွင့်အလမ်း အလွန်များနေပါတယ်။

MPA ရဲ့ ကောက်ချက်ကတော့ ဒါဟာ ဗျူဟာချင်းပြိုင်ရင်း အကျပ်ရိုက်မယ့် ပွဲပါ။ စပိန်က ဘောလုံးကို ထိန်းထားပြီး ပေါ်တူဂီက ကောင်တာ စောင့်မှာဖြစ်လို့ မိနစ် ၉၀ အတွင်း “ဂိုးအောက်” ဖြစ်သွားဖို့ များပြီး အချိန်ပိုအထိ ဆွဲဆန့်သွားနိုင်ပါတယ်။

ခန့်မှန်းရလဒ်: ပေါ်တူဂီ ၁ – ၁ စပိန် (အချိန်ပို သို့မဟုတ် ပင်နယ်တီအထိ သွားနိုင်ပါတယ်)။

(၂) အမေရိကန်နဲ့ ဘယ်လ်ဂျီယံ (ဇူလိုင် ၇၊ မြန်မာစံတော်ချိန် နံနက် ၁ နာရီခွဲ)

အမေရိကန်တို့အနေနဲ့ အိမ်ရှင်အဖြစ် ကစားရတဲ့ ခွန်အား၊ လူငယ်ကစားသမားတွေရဲ့ ကြံ့ခိုင်မှုနဲ့ သက်လုံ (Physical Intensity) ကို အပြည့်အဝ အသုံးချပြီး ဖိအားပေး (High Pressing) ကစားလာမှာပါ။ တစ်ကွင်းလုံး အပြည့်အားပေးမယ့် အိမ်ကွင်းပရိသတ်အင်အားက သူတို့ရဲ့ အကြီးမားဆုံး တွန်းအား ဖြစ်ပါတယ်။ နည်းပြ ပိုချက်တီနိုရဲ့ အတွေ့အကြုံနဲ့ ဗျူဟာကိုလည်း ထည့်တွက်ရမှာဖြစ်ပါတယ်။

ဘယ်လ်ဂျီယံကတော့ အုပ်စုအဆင့်မှာ ခြေစွမ်းအနည်းငယ် ရုန်းကန်ခဲ့ရပေမဲ့ ရှုံးထွက်အဆင့်မှာတော့ အတွေ့အကြုံရင့် ဝါရင့်ကစားသမားတွေရဲ့ တည်ငြိမ်မှုနဲ့ ကွက်လပ်ရှာ တန်ပြန်တိုက်စစ်ကို အားပြုပြီး ကစားလာမှာ ဖြစ်ပါတယ်။

အမေရိကန်အသင်းမှာ ပူလီဆစ် ဦးဆောင်တဲ့ လူငယ်တိုက်စစ်က သွက်လက်ချက်ပိုင်ပြီး ကွင်းလယ်ကြံ့ခိုင်မှုအပိုင်းမှာ ဘယ်လ်ဂျီယံထက် သက်လုံ ပိုကောင်းနိုင်ပါတယ်။
ဘယ်လ်ဂျီယံမှာတော့ ကမ္ဘာ့အဆင့် ကွင်းလယ်ဖန်တီးရှင် ကယ်ဗင် ဒီဘရိုင်းနား ရှိနေဆဲဖြစ်ပြီး သူ့ရဲ့ ပေးပို့မှုတွေက အမေရိကန် ခံစစ်ကို အချိန်မရွေး အလုပ်ပေးနိုင်စွမ်း ရှိပါတယ်။

ဒီပွဲအတွက် နိုင်ခြေတွေကို လေ့လာကြည့်ရာမှာတော့ အမေရိကန်က ၄၂ ရာခိုင်နှုန်း၊ ဘယ်လ်ဂျီယံက ၃၃ ရာခိုင်နှုန်းစီရှိနေပြီး အိမ်ရှင်တို့ အသာရနေပါတယ်။ သရေကျနိုင်ခြေကတော့ ၂၅ ရာခိုင်နှုန်းအထိ ရှိနေပါတယ်။

လောင်းကစားဒိုင်တွေကတော့ အိမ်ရှင် အမေရိကန်ကို အနည်းငယ် အလေးပေးထားပြီး ဘယ်လ်ဂျီယံရဲ့ ဝါရင့် အတွေ့အကြုံကိုလည်း ထည့်သွင်းတွက်ချက်ထားတဲ့ ကြေးလိုင်းမျိုး ဖြစ်ပါတယ်။

MPA ရဲ့ ကောက်ချက်ကတော့ အမေရိကန်တို့ အိမ်ကွင်းမှာ အရှိန်အဟုန်ပြင်းပြင်းနဲ့ အဖွင့်ဂိုးရဖို့ တိုက်စစ်ဆင်မှာဖြစ်ပြီး ဘယ်လ်ဂျီယံကလည်း ဒီဘရိုင်းနားရဲ့ အကွက်မြင်မြင် ပေးပို့မှုတွေနဲ့ တုံ့ပြန်မှာမို့ နှစ်ဖက်စလုံး ဂိုးရနိုင်တဲ့ “ဂိုးပေါ်” ပွဲစဉ် ဖြစ်လာဖို့ ရှိပါတယ်။

ခန့်မှန်းရလဒ်: အမေရိကန် ၂ – ၁ ဘယ်လ်ဂျီယံ။