အမေရိကန်စစ်တပ်က အီရန်နိုင်ငံအပေါ် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခြင်းနှင့် ရေနံစိမ်းရောင်းဝယ်ခွင့် ပိတ်ဆို့မှုများ ပြန်လည်ချမှတ်ခြင်းတို့ကြောင့် နှစ်နိုင်ငံကြား ရရှိထားသည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ပျက်ပြားကာ အရှေ့အလယ်ပိုင်းဒေသမှ စွမ်းအင်ထောက်ပံ့မှုများ ပြတ်တောက်နိုင်ခြေရှိသည့်အပေါ် စိုးရိမ်မှုများ မြင့်တက်လာပြီးနောက် အင်္ဂါနှင့် ဗုဒ္ဓဟူးနေ့ နှစ်ရက်အတွင်း နိုင်ငံတကာ ရေနံစိမ်းဈေးနှုန်းများ ၅ ရာခိုင်နှုန်းနီးပါး မြင့်တက်သွားကြောင်း သိရသည်။
ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ သုံးပုံတစ်ပုံနီးပါး ဖြတ်သန်းသယ်ယူရာ ဟော်မုဇ် (Hormuz) ရေလက်ကြားအတွင်း ကုန်သွယ်ရေးသင်္ဘောများ တိုက်ခိုက်ခံရပြီးနောက် ယခုကဲ့သို့ စစ်ရေးနှင့် စီးပွားရေး တင်းမာမှုများ ပြန်လည်မြင့်တက်လာခြင်း ဖြစ်သည်။
အမေရိကန် ဗဟိုစစ်ဌာနချုပ် (Centcom) ၏ အင်္ဂါနေ့ ထုတ်ပြန်ချက်အရ အပြည်ပြည်ဆိုင်ရာ ရေလမ်းကြောင်းအတွင်း ကုန်သွယ်ရေး ရေနံတင်သင်္ဘော သုံးစီးကို အီရန်ဘက်က ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့သဖြင့် အီရန်နိုင်ငံအတွင်းရှိ ကက်ရှ်ကျွန်း၊ ဘန္ဒရ်အတ်ဘတ်စ်နှင့် ဆီရစ်ခ် မြို့များရှိ ပစ်မှတ်များကို ပြင်းပြင်းထန်ထန် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဆိုသည်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုများကြောင့် လူအချို့ ဒဏ်ရာရရှိခဲ့ကြောင်း အီရန်နိုင်ငံပိုင် မီဒီယာများက ဖော်ပြပြီး၊ အီရန်နိုင်ငံခြားရေး ဒု-ဝန်ကြီးကမူ အမေရိကန်၏ လုပ်ရပ်သည် ပြီးခဲ့သည့်လက ကာတာနှင့် ဆော်ဒီအာရေဗျတို့ ပါဝင်ချုပ်ဆိုထားသည့် ဒေါ်လာ ဘီလီယံ ၃၀၀ ကျော်တန်ဖိုးရှိ စီးပွားရေးပြန်လည်ထူထောင်ရေးနှင့် အပစ်အခတ်ရပ်စဲရေး နားလည်မှုစာချွန်လွှာကို ချိုးဖောက်ခြင်းဖြစ်သဖြင့် ပြတ်သားစွာ တုံ့ပြန်သွားမည်ဟု သတိပေးထားသည်။
ထို့ပြင် ကာတာနှင့် ဆော်ဒီအာရေဗျနိုင်ငံတို့ကလည်း ၎င်းတို့၏ ရေနံတင်သင်္ဘောများ အီရန်၏ တိုက်ခိုက်မှုကို ခံခဲ့ရခြင်းမှာ ကမ္ဘာ့စွမ်းအင်ထောက်ပံ့မှုကို နှောင့်ယှက်ခြင်းဖြစ်ကြောင်း ပူးတွဲစွပ်စွဲ ရှုတ်ချခဲ့ကြသော်လည်း၊ အီရန်ဘက်ကမူ ခြေရာခံစနစ် ပိတ်ထားသည့် သင်္ဘောများကို ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် စစ်ဆေးခြင်းသာဖြစ်ကြောင်း ငြင်းဆိုထားသည်။
စစ်ရေးပဋိပက္ခများအပြင် အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက အီရန်အပေါ် ယာယီဖြေလျှော့ပေးထားသည့် ရေနံနှင့် စက်သုံးဆီဆိုင်ရာ အထွေထွေလိုင်စင် (General Licence) ကို ချက်ချင်းပြန်လည်ရုပ်သိမ်းကာ ပိတ်ဆို့မှုများ ပြန်လည်ချမှတ်ခဲ့သည်။
ယင်းလုပ်ရပ်များကြောင့် စွမ်းအင်ဈေးကွက်အတွင်း ရိုက်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး ဇူလိုင် ၈ ရက် နံနက်ပိုင်း စျေးကွက်ဖွင့်လှစ်မှုအရ ကမ္ဘာ့ရေနံစိမ်း သတ်မှတ်ချက်နှုန်းထားတစ်ခုဖြစ်သည့် ဘရန့်တ်ရေနံစိမ်း (Brent crude) ကြိုတင်ရောင်းဝယ်မှုဈေးနှုန်းသည် ၁ ဒသမ ၃၈ ဒေါ်လာ (၁ ဒသမ ၉ ရာခိုင်နှုန်း) မြင့်တက်ကာ တစ်စည်လျှင် ၇၅ ဒသမ ၅၄ ဒေါ်လာသို့ ရောက်ရှိခဲ့သည်။
ထို့အတူ အမေရိကန် အနောက်တက္ကဆက် ရေနံစိမ်း (WTI) ဈေးနှုန်းသည်လည်း ၁ ဒသမ ၃၇ ဒေါ်လာ (၁ ဒသမ ၉ ရာခိုင်နှုန်း) မြင့်တက်ပြီး တစ်စည်လျှင် ၇၁ ဒသမ ၈၁ ဒေါ်လာအထိ အသီးသီး ခုန်တက်သွားခဲ့သည်။
အင်္ဂါနေ့ကလည်း အမေရိကန်၏ ပိတ်ဆို့မှုသတင်းများကြောင့် ရေနံစိမ်းစံနှုန်းနှစ်ခုစလုံး သုံးရာခိုင်နှုန်းခန့် မြင့်တက်ခဲ့ပြီးဖြစ်သည်။
အမေရိကန်နှင့် အီရန်တို့အကြား လက်မှတ်ရေးထိုးပြီး တစ်လအကြာတွင် ပျက်ပြားလုနီးပါးဖြစ်သွားသည့် အဆိုပါ တင်းမာမှုများကြောင့် ကမ္ဘာ့ရေနံသယ်ယူပို့ဆောင်ရေး အဓိကသွေးကြော ပိတ်ဆို့နိုင်ခြေရှိနေပြီး၊ ယခု ရေနံဈေးနှုန်းများ ဆက်တိုက်မြင့်တက်လာမှုသည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းရှိ စက်သုံးဆီဈေးနှုန်းနှင့် ကုန်ဈေးနှုန်းများအပေါ် ရိုက်ခတ်မှုများ ဆက်လက်ရှိလာနိုင်ကြောင်း စီးပွားရေးလေ့လာစောင့်ကြည့်သူများက သုံးသပ်ထားကြသည်။
