မန္တလေးမြို့တွင် ဖြစ်ပွားခဲ့သော ဂိုဒေါင်ဟောင်း မီးလောင်မှုအတွင်း မီးထဲပိတ်မိနေသည့် သက်ကြီးဘိုးဘွား ဇနီးမောင်နှံကို မိမိအသက်ကို ပဓာနမထားဘဲ ရဲဝံ့စွန့်စားကာ ဘာအကာအကွယ်မှမပါဘဲ ဝင်ရောက်ကယ်တင်ခဲ့သူကို အလှူရှင်များနှင့် လူမှုကူညီရေးအသင်းက ရှာဖွေတွေ့ရှိခဲ့ပြီး ဂုဏ်ပြုငွေများ ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။
ဇူလိုင် ၆ ရက် မနက် ၈ နာရီခန့်တွင် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ၁၀၁ A လမ်းနှင့် ၆ ၇ A လမ်းထောင့်ရှိ ဂိုဒေါင်ဟောင်းတစ်ခု မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး ဂိုဒေါင်တွင် အစောင့်အဖြစ် နေထိုင်ကြသည့် သက်ကြီးဘိုးဘွား ဇနီးမောင်နှံသည် မီးစလောင်သည့်အချိန်တွင် အတွင်း၌ ပိတ်မိနေခဲ့သည်။
မီးသတ်ကားများ ရောက်မလာသေးသည့် အချိန်အရေးပေါ် အခြေအနေတွင် စွပ်ကျယ်အဖြူနှင့် ပုဆိုးအနက် ဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦးက မီးခိုးများ အူထွက်နေသည့် ဂိုဒေါင်အတွင်း ပြေးဝင်သွားပြီး အဘွားဖြစ်သူကို အရင်ဆုံး ခေါ်ဆောင်ကယ်ထုတ်ခဲ့သည်။
ကယ်ထွက်လာပြီးနောက် အဘွားဖြစ်သူက ဂိုဒေါင်ထဲတွင် အဘိုးကျန်နေသေးကြောင်း ပြောသဖြင့် အဆိုပါ အမျိုးသားသည် ဘာအကာအကွယ်မှမပါဘဲ မီးလောင်နေသည့် အဆောက်အအုံထဲသို့ ဒုတိယအကြိမ် ထပ်မံပြေးဝင်သွားခဲ့သည်။ ထိုအကြိမ်တွင် အဘိုးအိုကို ရှာမတွေ့ဘဲ တစ်ဦးတည်း ပြန်ထွက်လာခဲ့သည်။
မြေကြီးပေါ် ထိုင်ချထားသည့် အဘွားအိုကို ဘယ်နေရာမှာလဲဟု ထပ်မံမေးမြန်းရာ အဘွားက အဆောက်အအုံ တစ်နေရာကို လက်ညှိုးထိုးပြခဲ့ပြီး စွပ်ကျယ်ဝတ်အမျိုးသားသည် မီးတောက်များကြားထဲသို့ တတိယအကြိမ်အဖြစ် စွန့်စွန့်စားစား ထပ်မံဝင်ရောက်သွားခဲ့သည်။
မကြာခင်တွင် စွပ်ကျယ်ဝတ်အမျိုးသားသည် မီးလောင်ဒဏ်ရာများ ရရှိထားသည့် အဘိုးအိုကိုပါ မီးထဲကနေ အောင်မြင်စွာ ပွေ့ချီကယ်ထုတ်လာနိုင်ခဲ့သည်။ ဤကဲ့သို့ ဘာအကာအကွယ်မှမပါဘဲ လူအများ ကြောက်လန့်နေသည့် မီးလောင်ပြင်ထဲ အသက်စွန့်ဝင်ကယ်ခဲ့သည့်အပေါ် ပြည်သူများက အလွန်အမင်း ချီးကျူးခဲ့ကြသည်။
အသက်စွန့်ပြီး ကူညီခဲ့သည့် ထိုအမျိုးသား၏အမည်မှာ ဦးချို ဖြစ်ပြီး အသက် ၆၆ နှစ် အရွယ်ရှိပြီ ဖြစ်ကာ၊ သမန်းကုန်းဘက်တွင် သန့်ရှင်းရေးလုပ်ငန်း လုပ်ကိုင်သလို ညနေပိုင်းတွင်လည်း ကော်ဖီဆိုင်တစ်ခု၌ လုံခြုံရေးဝန်ထမ်းအဖြစ် လုပ်ကိုင်နေသူ ဖြစ်သည်။
ဦးချို၏ ရဲဝံ့သည့် လုပ်ရပ်ကြောင့် မီးထဲက လွတ်မြောက်ခဲ့သည့် အသက်(၆၄)နှစ်အရွယ် အဘိုး ဦးတင်ထွန်းနှင့် ဇနီးဖြစ်သူတို့သည် မန္တလေးဆေးရုံကြီးတွင် ဆေးကုသမှု ခံယူခဲ့ရသည်။ ထိုအထဲက မီးလောင်ဒဏ်ရာ ပြင်းထန်ခဲ့သည့် အဘိုးဖြစ်သူသည် ဆေးရုံတွင် ဆုံးပါးသွားခဲ့ပြီဖြစ်ပြီး အဘွားဖြစ်သူမှာ ဆေးကုသမှု ဆက်လက်ခံယူနေရသည်။
ဤဖြစ်စဉ်နှင့် ပတ်သက်ပြီး ရွှေမေတ္တာ လူမှုကူညီရေးအသင်းနှင့်အတူ အလှူရှင်ဖြစ်သူ မရွှေလဲ့၏ မမကြီး မိသားစုက အသက်စွန့်ကယ်တင်ခဲ့သည့် ဦးချိုကို ဂုဏ်ပြုချီးမြှင့်ရန် ရှာဖွေခဲ့ကြရာ ဇူလိုင် ၇ ရက် ညနေ ၆ နာရီတွင် တွေ့ဆုံရန် ဆက်သွယ်ချိတ်ဆက်မိခဲ့သည်။
ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုသည့်အနေဖြင့် မရွှေလဲ့၏ မမကြီး မိသားစုက အသက်စွန့်ကယ်ခဲ့သည့် ဦးချိုကို ဂုဏ်ပြုဆုငွေ ငွေကျပ်ဆယ်သိန်း တိတိ လှူဒါန်းချီးမြှင့်မည် ဖြစ်သည်။ ထို့ပြင် မီးဘေးသင့်ခဲ့သည့် သက်ကြီးဘိုးဘွား နှစ်ဦးအတွက်လည်း တစ်ဦးလျှင် ငွေကျပ် ငါးသိန်းစီဖြင့် စုစုပေါင်း ဆယ်သိန်းကျပ်ကို ထပ်မံကူညီ လှူဒါန်းသွားမည် ဖြစ်သည်။
