ပဲခူးတိုင်း၊ရေတာရှည်မြို့နယ်အတွင်း မြေပြင်စစ်ကြောင်း အထိနာခဲ့ပြီးနောက် လေကြောင်းမှ ရမ်း ကား ဗုံးကြဲလျက်ရှိရာ အမျိုးသားတစ်ဦး ဦးခေါင်းပြတ် သေဆုံးခဲ့ကြောင်း သိရသည်။
ဇူလိုင်၁၀ရက်၊မွန်းလွဲတစ်နာရီကျော်တွင် ရေတာရှည်မြို့နယ် ၊ စစ်တောင်းမြစ်အရှေ့ခြမ်းရှိ စည်ပိုင်း ကျေးရွာကို အနီးဝန်းကျင်၌ တိုက်ပွဲဖြစ်ပွားနေခြင်းမရှိဘဲ စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲချခဲ့ရာ ယင်းရွာနေ ကိုနိုင်လင်း(အသက်၄၀) သေဆုံးကာ ၎င်း၏ နေအိမ်လည်း တစ်စစီဖြစ်သွားကြောင်း ရေတာရှည်မြို့နယ်ပကဖက သတင်းထုတ်ပြန်သည်။
“ကျနော့်အမြင်အရ PDF နဲ့ပြည်သူကိုသွေးခွဲချင်တဲ့သဘောနဲ့ နင်တို့PDF တွေရှိတယ်အကြောင်းပြပြီး အရပ်သားပစ်မှတ်တွေကိုဗုံးကြဲတိုက်ခိုက်တဲ့သဘောမျိုးပါ”ဟု ရေတာရှည်ပကဖ၊ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်ဖြန့်ဝေရေးတာဝန်ခံက MPAသို့ပြောသည်။
စစ်တပ် ကြဲချသည့်ဗုံးသည် ကိုနိုင်လင်း၏ အိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။
ရေတာရှည်မြို့နယ်၊စစ်တောင်းမြစ် အရှေ့ဘက်ကမ်းရှိ ပိတောက်ကုန်းရွာနှင့် ကျွန်းကုန်းရွာတွင် တပ် စွဲထားသာ အင်အား၅၀၀ ဝန်းကျင်ရှိ စစ်တပ်ကို ဒေသခံ တော်လှန်ရေးတပ်များက ဇွန်လ၂၄ရက်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က သေဆုံး ထိခိုက်မှုများခဲ့ပြီးနောက် လေကြောင်းတိုက်ခိုက် မှုများ နေ့စဉ်နီးပါး ပြုလုပ်နေကြောင်း ရေတာရှည်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရသည်။
ဇူလိုင်၇ရက်ကလည်း တိုက်ပွဲဖြစ်ပွားခဲ့သောနေရာနှင့် ၃မိုင်ခန့်ဝေးသည့် နဂျပ်အောက်ရွာရှိ ဂူတောင် ဘုန်း ကြီးကျောင်းကို စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲခဲ့ရာ ဂူတောင်စေတီကုန်းနှင့်ဓမ္မာရုံတို့ ထိခိုက် ပျက်စီးခဲ့ကြောင်း ရေတာရှည်မြို့နယ်ပကဖက ထုတ်ပြန်ထားသည်။
“ဂူတောင်ဘုန်းကြီးကျောင်းမှာ ဘာPDFမှ မရှိပါဘူးဗျ။စစ်ဘေးရှောင်နည်းနည်းလောက်နဲ့ ဘုန်းကြီးပဲ ရှိတယ်ဗျ။ကံကောင်းချင်တော့ ဘုန်းကြီးရော စစ်ဘေးရှောင်တွေရော မထိခိုက်ဘူးဗျ”ဟု ၎င်းက ဆိုသည်။
ယင်းသို့ဗုံးကြဲခံရပြီးနောက် ဂူတောင်ဘုန်းကြီးကျောင်းနှင့် အနီးဝန်းကျင်ရှိ ရွာများပါ လေကြောင်းရန် ကြောက်သဖြင့် ထွက်ပြေးတိမ်းရှောင်သွားကြပြီဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ရေတာရှည်မြို့နယ်၊စစ်တောင်းမြစ်အရှေ့ခြမ်း၌ စစ်ရေးတင်းမာလျက်ရှိသည်။
