IG တွင် ဓာတ်ပုံများကို AI ဖြင့် အတုလုပ်ခွင့်ပေးသည့် လုပ်ဆောင်ချက်သစ် ဝေဖန်မှုများကြောင့် Meta ပြန်လည်ရုပ်သိမ်း

ဓာတ်ပုံ - EPA

By BBC

ကမ္ဘာ့လူမှုကွန်ရက်ကုမ္ပဏီကြီးဖြစ်သည့် Meta သည် အသုံးပြုသူများ၏ Instagram အကောင့်ထဲရှိ ဓာတ်ပုံများကို အသုံးပြုကာ AI နည်းပညာဖြင့် စိတ်ကြိုက်ဓာတ်ပုံအတုများ ဖန်တီးခွင့်ပေးခဲ့သည့် ၎င်းတို့၏ လုပ်ဆောင်ချက်အသစ်ကို ကမ္ဘာတစ်ဝန်းမှ ပြင်းပြင်းထန်ထန် ဝေဖန်ပြစ်တင်မှုများ ထွက်ပေါ်လာပြီးနောက် ပြန်လည်ပိတ်သိမ်းလိုက်ကြောင်း သိရသည်။

အဆိုပါလုပ်ဆောင်ချက်သည် ပြီးခဲ့သည့်အင်္ဂါနေ့က Meta ကုမ္ပဏီက တရားဝင်မိတ်ဆက်ခဲ့သည့် Muse Image ဟုခေါ်သော AI ဓာတ်ပုံဖန်တီးမှု နည်းပညာသစ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။

ယင်းစနစ် (Feature) သည် Meta AI အသုံးပြုသူများအနေဖြင့် အခြားသူများ၏ အများမြင်နိုင်သော (Public) Instagram အကောင့်များကို Tag တွဲကာ ၎င်းအကောင့်ထဲရှိ ပုံစံများနှင့် အချက်အလက်များကို သုံး၍ AI ဓာတ်ပုံအတုများ သို့မဟုတ် ပုံဖျက်ထားသည့်အရာများကို အလွယ်တကူ ဖန်တီးခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

သို့သော် စနစ်စတင်မိတ်ဆက်ပြီး ရက်ပိုင်းအတွင်းမှာပင် တစ်ကမ္ဘာလုံးရှိ အသုံးပြုသူများ၏ ပြင်းထန်သည့် ကန့်ကွက်ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသဖြင့် Meta ဘက်က ၎င်းတို့၏ ရည်ရွယ်ချက် လွဲချော်သွားခဲ့ကြောင်း ဝန်ခံကာ ယင်းစနစ်ကို ပြန်လည်ပိတ်ဆို့ခဲ့ရသည်။

“ကျွန်တော်တို့အနေနဲ့ အသုံးဝင်မယ့် ဖန်တီးမှုဆိုင်ရာ Tool တစ်ခု ပေးချင်ရုံသာဖြစ်ပြီး မိမိတို့ရဲ့ Public content တွေကို အခုလိုမျိုး AI မှာ အသုံးပြုခွင့်ပေးမပေး ဆိုတာကို အသုံးပြုသူတွေဘက်က ကိုယ်တိုင်ထိန်းချုပ်နိုင်အောင် လုပ်ဆောင်ပေးဖို့ ရည်ရွယ်ခဲ့တာပါ။ အခုတော့ အားလုံးရဲ့ ဝေဖန်သံတွေကို ကြားသိရပါပြီ” ဟု Meta ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Meta ကုမ္ပဏီသည် အဆိုပါ AI စနစ်ကို အစပိုင်းတွင် Instagram ၌သာ ကန့်သတ်စမ်းသပ်ခဲ့ခြင်း ဖြစ်သော်လည်း နောက်ပိုင်းတွင် WhatsApp၊ Facebook နှင့် Messenger စသည့် ၎င်းတို့၏ ပလက်ဖောင်းအားလုံးတွင်ပါ ပေါင်းစပ်ထည့်သွင်းရန် စီစဉ်ထားပြီး ဖြစ်သည်။

ထို့ပြင် လက်ရှိတွင် AI ဗီဒီယို ဖန်တီးပေးမည့် နည်းပညာသစ်ကိုပါ ထပ်မံထုတ်လုပ်ရန် ပြင်ဆင်နေကြောင်း သိရသည်။

ယခုဖြစ်စဉ်ကြောင့် နည်းပညာကုမ္ပဏီကြီးများသည် AI ပြိုင်ပွဲတွင် အနိုင်ရရှိရေးအတွက် အသုံးပြုသူများ၏ ကိုယ်ရေးကိုယ်တာလုံခြုံမှုနှင့် Data များကို ပေါ့ပေါ့ဆဆ သဘောထားနေကြသည်ဟု ဝေဖန်ရေးသမားများက ထောက်ပြကြသည်။

မိမိအကောင့်ထဲရှိ ဓာတ်ပုံများကို အခြားသူများက AI ဖြင့် အလွယ်တကူယူသုံးကာ ဓာတ်ပုံအတုပြုလုပ်နိုင်သည့် စနစ်မျိုးသည် အလွန်အန္တရာယ်များလှသဖြင့် နည်းပညာစတင်ကတည်းက ကြိုတင်တွေးဆထားသင့်သည့် ကိစ္စဖြစ်ကြောင်း၊ ဝေဖန်မှုများ အလုံးအရင်းနှင့် တက်လာမှသာ ပြန်ပိတ်လိုက်ခြင်းမှာ လူသားတို့၏ စိုးရိမ်မှုကို လျစ်လျူရှုကာ စမ်းသပ်သည့် သဘောမျိုးဖြစ်နေကြောင်း ပြင်းပြင်းထန်ထန် ဝေဖန်မှုများ ထွက်ပေါ်နေသည်။

နောင်တစ်ချိန်တွင် Facebook နှင့် ၎င်းတို့၏ တခြား Application များတွင်ပါ AI စနစ်များ ထပ်မံထည့်သွင်းလာဦးမည်ဖြစ်သောကြောင့် အသုံးပြုသူများအနေဖြင့် မိမိတို့၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ပိုမိုသတိထား ကာကွယ်ကြရန် လိုအပ်နေပြီဖြစ်ကြောင်း နည်းပညာကျွမ်းကျင်သူများက သုံးသပ်ထားကြသည်။