By MPA
ရခိုင်ပြည်သူများ ရေဘေးဒဏ်သင့်နေချိန်တွင် စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ ၃နှစ်သား တစ်ဦးအပါအဝင် ၄ဦးသေဆုံးခဲ့ကြောင်း အာရက္ခတပ်တော် (AA) က သတင်းထုတ်ပြန်သည်။
ဇူလိုင်၁၀ရက်၊နံနက်၁၀နာရီခန့်တွင် ရခိုင်ပြည်နယ်၊ဂွမြို့နယ်၊ ပေါက်တူးကျေးရွာနှင့် ဓနိအုပ်စု၊ ကုလားချောင်းကျေးရွာတို့ရှိ စာသင်ကျောင်းနှင့် အရပ်သားပြည်သူများနေထိုင်ရာ နေရာများကို စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကုလားချောင်းကျေးရွာနေ မောင်ဖိုးသားလေး (၃ နှစ်)၊ ဦးညွန့်မောင် (၅၄ နှစ်)၊ ဒေါ်မမလေး (၅၃ နှစ်)နှင့် ဦးအောင်သူဖြိုး (အသက်၃၀ ) တို့ သေဆုံးခဲ့ပြီး အသက်၆၃နှစ်အရွယ်ရှိဒေါ်သန်းမြ နှင့် ၁၇နှစ်အရွယ်ရှိ မဝါဆိုမိုးတို့မှာ ဗုံးစထိမှန်၍ ပြင်းထန် ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
ယခုရက်များအတွင်း ဂွ မြိုနယ်ရှိ အရပ်သားပြည်သူများနေထိုင်ရာ နေရာများကို စစ်တပ်က လေ ကြောင်းမှ ဗုံးကြဲခြင်းနှင့် စစ်သင်္ဘောများပေါ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းတို့ ဆက်တိုက်ပြု လုပ်နေကြောင်း AA ကဆိုသည်။
ရခိုင်ပြည်နယ်တွင် ယခုရက်များအတွင်း လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ကျေးရွာအချို့၌ နေအိမ်များပျက်စီးခြင်း၊ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး နှင့် မင်းပြားမြိုနယ်တို့ တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားနေသဖြင့် ရေဘေးဒဏ်သင့်ပြည်သူများအား အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေချိန်၌ စစ်တပ်က အပြစ်မဲ့ပြည်သူများအား ယခုကဲ့သို့ အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်နေခြင်းအပေါ် ULA/AA အနေဖြင့် ပြင်းထန်စွာရှုတ်ချကြောင်းလည်း ဆိုသည်။
