ရှေ့တစ်လှမ်းတိုး မင်းအောင်လှိုင် နဲ့ အာဆီယံလမ်း

By စက်အောင် / MPA [ ဆောင်းပါး ]

ပြီးခဲ့တဲ့ ဇွန်လက အာဏာသိမ်းစစ်အုပ်စု သမ္မတတု မင်းအောင်လှိုင် တရုတ်နိုင်ငံ ကို တရားဝင်ခရီး သွားရောက်ခွင့်ရခဲ့တယ်။ စစ်အရေခွံဟန်ပြချွတ် အပြီးမှာ သမ္မတအဖြစ် ဘေဂျင်းကို သွားခွင့်ရခဲ့တဲ့ ဒီခရီးကို ပဏ္ဏာဆက်နိုင်ငံ တစ်နိုင်ငံရဲ့ သွားရောက်တွေ့ဆုံမှုလိုမျိုး ဆိုရှယ်မီဒီယာမှာ ပုံဖော် လှောင်ပြောင်ကြပေမဲ့ တကယ့် ပကတိမှာတော့ မင်းအောင်လှိုင် လိုချင်တဲ့ နိုင်ငံရေးအကျိုးအမြတ်နဲ့ ဘေဂျင်း က လိုချင်တဲ့ အကျိုးစီးပွား ၂ခုစလုံး ရခဲ့တယ်လို့ ဆိုရမှာပါ။

အခုလို တရားဝင် သွားရောက်လည်ပတ်ခွင့် ရလိုက်တာက မင်းအောင်လှိုင်ရဲ့ စစ်အရေခွံချွတ် အစိုးရတုနောက်မှာ ဘေဂျင်းက အတိအလင်း ရပ်ပေးနေတယ် ဆိုတဲ့ သတင်းစကား ပါးလိုက်တာပါပဲ။ ဒီသတင်းစကား နဲ့အတူ အစိုးရတုနဲ့ ဘေဂျင်းကြားက ပထဝီနိုင်ငံရေးအကျိုးစီးပွားချည်နှောင်မှုနဲ့ ရေရှည်ဆက်ဆံရေးတွေကို လက်ရှိ နိုင်ငံတကာ‌စာမျက်နှာက အရှိတရားနဲ့ ပေါင်းစပ် ရှုမြင် ကြည့်ရင် အာဆီယံနိုင်ငံတွေအနေနဲ့ မင်းအောင်လှိုင် စစ်အုပ်စုနဲ့ တစတစ ပိုတိုးပြီး ထိတွေ့ဖို့ ရွေးချယ်လာရနိုင်တယ် လို့ သုံးသပ်ပါတယ်။

အာဆီယံ အနေနဲ့ ၂၀၂၁ စစ်အာဏာသိမ်းပြီးမကြာမီ မြန်မာ့အရေးအာဆီယံဘုံသဘောတူညီချက် ၅ရပ် ထုတ်ပြန်ပြီး စစ်ခေါင်းဆောင်ကို အာဆီယံအစည်းအဝေး တက်ရောက်ခွင့် ပိတ်ပင်ခဲ့ပါတယ်။ ၅နှစ်အတွင်း အထူးကိုယ်စားလှယ်တွေ ခန့်အပ်ခဲ့ပေမယ့် မြန်မာ့ပြည်တွင်းစစ်ဟာ ဒီထက် ပိုအရှိန်အဟုန်ကောင်းလာသလို စစ်အုပ်စုဘက်ကလည်း မူ၅ရပ် ကို အကောင်အထည်ဖော်ဖို့ထက် စစ်ရာဇဝတ်မှုတွေ ပိုပြီး ပေါ်ပေါ်ထင်ထင် ချိုးဖောက်တာသာ ရှိခဲ့တာပါ။ ဒါပေမဲ့၊ ၂၀၂၅ခုနှစ်က စပြီး အာဆီယံရဲ့ ဦးဆောင် နိုင်ငံ တချို့က မြန်မာကို အာဆီယံ က ဖယ်ကြဉ်ရေးထက် ဘယ်လိုပါဝင်အောင်ဆွဲခေါ်မလဲ ဆိုတဲ့ လေသံပစ်လာတယ်။

မကြာသေးခင်အချိန်ကာလတစ်ခုက မြန်မာပြည်ကို လာရောက်ခဲ့တဲ့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးကလည်း ဒီသဘောအတိုင်း ထုတ်ပြောခဲ့တာပါ။ ဒါ့အပြင် တခြားနိုင်ငံတွေကလည်း မြန်မာစစ်တပ်ကို လုံးဝ ပစ်ပယ်တာထက် အားလုံးပါဝင်ရေးကိုပဲ လေသံပစ်လာတာပါ။

လက်ရှိပကတိ ကမ္ဘာ့နိုင်ငံရေး ရေစီးကြောင်းကလည်း အာဆီယံ နိုင်ငံတွေ အထူးသဖြင့် ကုန်သွယ်ရေးအင်အားအတန်အသင့်ရှိတဲ့ ဒေသတွင်း နိုင်ငံတွေရဲ့ မြန်မာ့အရေး ထိတွေ့မှု ကို အတိုင်းအတာတခုထိ သက်ရောက်စေပါတယ်။

အမေရိကန် ၂၀၂၄ သမ္မတရွေးကောက်ပွဲ ဒေါ်နယ်ထရမ့် ရဲ့ တစ်ကျော့ပြန်နိုင်ပွဲ နဲ့ အတူ အမေရိကန်ရဲ့ “အမေရိကန် ပထမ” မူဝါဒနဲ့ နိုင်ငံခြားရေး မူဝါဒ ကသောင်းကနင်းတွေကြား အမေရိကန်ရဲ့ နိုင်ငံတကာ ဩဇာက လျော့ကျခဲ့သလို ကုန်သွယ်ခွန်တွေ တိုးကောက်တာ၊ အာရှပစိဖိတ်ဒေသကို အကာအကွယ်ပေးရေးနဲ့ ရင်းနှီးမြှုပ်နှံမှုအတွက် အာမခံချက်မရှိတာတွေက အရှေ့တောင်အာရှ က အမေရိကန်ရဲ့ ရင်းနှီးမြှုပ်နှံ‌ရေးကုန်သွယ်ရေးမိတ်ဖက် နိုင်ငံတွေအတွက် စိုးရိမ်စရာ ဖြစ်လာခဲ့တယ်။

ဒီလို အခြေနေမှာ ဖြစ်လာမယ့် ကုန်သွယ်ရေး ‌ယိုပေါက်ကို ဖြည့်ဖို့ လက်တွေ့နိုင်ငံရေး သဘောအရ နောက်ထပ်အင်အားကြီး တရုတ်နိုင်ငံဆီက ကုန်သွယ်ရေး နဲ့ ရင်းနှီးမြှုပ်နှံမှုကို ဒေသတွင်းနိုင်ငံတွေ မျှော်လင့်ပါတယ်။ ဒီလို မျှော်လင့်ရာမှာ ဘေဂျင်းရဲ့ အနီးဆုံး သစ္စာခံ နဲ့ အများအပြား ရင်းနှီးမြှုပ်နှံခံထားရတဲ့ မြန်မာပြည်က မင်းအောင်လှိုင်စစ်အုပ်စုဟာ ဒေသတွင်း နဲ့ ဘေဂျင်း ကြားက ချိတ်လို နေရာ ရောက်ရှိလာတယ်။

ဒေသတွင်းနိုင်ငံ‌ေတွ အတွက် စီးပွားရေး လက်တွေ့ကျကျ အခြေခံပြီး မြန်မာ့နိုင်ငံရေးကို သုံးသပ်ရင် တရုတ်ရဲ့ ကြီးမားတဲ့ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေနဲ့ (FDI) နှင့် ဒေသတွင်း ကုန်သွယ်မှုကွင်းဆက်များ (Supply Chain) မှာ နောက်ကျမကျန်ခဲ့‌ေစဖို့အတွက် အာဆီယံနိုင်ငံတွေ အနေနဲ့ မြန်မာ့အရေး မှာ စစ်အုပ်စုကို ဘယ်လို ဆက်တုံ့ပြန်ကြမလဲ ဆိုတာ စဉ်းစားစရာ ဖြစ်လာတယ်။

တရုတ်နိုင်ငံက မြန်မာနိုင်ငံအတွင်းမှာ အခြေခံအဆောက်အဦများနဲ့ စွမ်းအင်စီမံကိန်း‌ေတွမှာ ဒေါ်လာဘီလီယံချီ ရင်းနှီးမြှုပ်နှံထားပြီး ကျောက်ဖြူရေနက်ဆိပ်ကမ်းမှသည် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများအထိ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုများဟာ သူတို့ စီပွားရေးအသက်သွေးကြော ဖြစ်ပါတယ်။ဒီ ရင်းနှီးမြှုပ်နှံမှုတွေက ဒေသတွင်း ကုန်သွယ်မှုကွင်းဆက်အတွက် အဓိကကျတဲ့ “တံခါးပေါက်” (Gateway) များ ဖြစ်လာနေတယ် ။

အာဆီယံနိုင်ငံများ (အထူးသဖြင့် ထိုင်း၊ စင်ကာပူနဲ့ မလေးရှား) အတွက် တရုတ်ရဲ့ စီးပွားရေးကွင်းဆက်ကို ဖိတ်ခေါ်နိုင်ဖို့အတွက် အာဆီယံနိုင်ငံ‌ေတွ တဖြည်းဖြည်း နေပြည်တော်နဲ့ ထိတွေ့ဖို့ စဉ်းစားလာနိုင်ပါတယ်။ တစ်ဖက်က တရားဝင်မှုအကန့်အသတ်နဲ့ ပေးရင်း တစ်ဘက်ကလည်း ဖိအားနဲ့ ထိန်းကျောင်းပြီး သိန်းစိန်2.0 မဖြစ်လာမယ့် မင်းအောင်လှိုင်အစိုးရတုအတွက် ဒေသတွင်းစင်မြင့် ချဲ့ပေးလာနိုင်တယ်။ ဒီလိုစဉ်းစားပြီး ထိတွေ့မှု တိုးလာတာဟာ စစ်ကောင်စီကို နိုင်ငံရေးအရ အသိအမှတ်ပြုခြင်းထက်၊ “စီးပွားရေးတည်ငြိမ်မှုအတွက် နေပြည်တော်ကို အသုံးချတဲ့ ဗျူဟာ ဖြစ်လာပါလိမ့်မယ်။

ဒါကြောင့် ရှေ့လာမယ့် ကာလတွေမှာ ဘေဂျင်းဆီက ချိတ်တွေ တိုးရဖို့ နေပြည်တော်ကို ခြေလှမ်းစိတ်လာရင်လည်း အထူးအဆန်း မဟုတ်သလို ရှေ့ကာလတွေမှာ အာဆီယံထိုင်ခုံ ပြန်ရလည်း အံ့သြစရာ မဟုတ်ပါဘူး။ BIMSTECလို နေရာတွေမှာ တစ်ဖက်လှည့်နဲ့ မြန်မာစစ်အရေခွံချွတ်အာဏာရှင်တွေ ပွဲတိုး လာရင်လည်း ရင်ခုန်စရာ မဟုတ်ဘူးလို့ မှတ်ချက်ပြုချင်ပါ တယ်။

MPA #အာဆီယံ​ #မင်းအောာင်လှိုင်