ကွာတားဖိုင်နယ် ပွဲစဉ်တွင် အာဂျင်တီးနားအသင်းသည် ဆွစ်ဇာလန်အသင်းကို အချိန်ပိုအထိ အသည်းအသန် ယှဉ်ပြိုင်ကစားခဲ့ရပြီးနောက် အနိုင်ဂိုးများဖြင့် ဆီမီးဖိုင်နယ်သို့ တက်ရောက်သွားခဲ့သည်။
ပွဲစတင်သည့် ပထမပိုင်း (၁၀) မိနစ်တွင်ပင် အာဂျင်တီးနားအသင်းအတွက် အဖွင့်ဂိုးကို ရရှိခဲ့သည်။ ယင်းဂိုးကို အသင်းခေါင်းဆောင် မက်ဆီ၏ ဖန်တီးပေးပို့မှုမှတစ်ဆင့် မက်အယ်လစ္စတာက အပိုင်ကန်သွင်းယူခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ပထမပိုင်းတွင် နှစ်ဖက်စလုံး ဂိုးထပ်မသွင်းနိုင်ဘဲ ၁ – ၀ ဖြင့် ပြီးဆုံးခဲ့သည်။
ဒုတိယပိုင်းပြန်လည်စတင်ချိန်တွင် ဆွစ်ဇာလန်အသင်းက ချေပဂိုးရရှိရန် ဖိအားပေးကစားလာခဲ့ပြီး ပွဲချိန်အတွင်း အင်ဒွိုင် က ဆွစ်ဇာလန်အတွက် ချေပဂိုးကို ပြန်လည်သွင်းယူပေးခဲ့သည်။
ပွဲချိန် (၇၂) မိနစ်တွင် ဆွစ်ဇာလန်ကစားသမား ဘရီးလ် အမ်ဘိုလိုသည် ကွင်းအတွင်း ဟန်ဆောင်လဲချသည်ဟု ဒိုင်လူကြီးက ဆုံးဖြတ်ခဲ့ပြီး ၎င်းအား နှစ်ဝါတစ်နီဖြင့် ကွင်းအတွင်းမှ ထုတ်ပယ်ခဲ့သည်။
မိနစ် (၉၀) ပြည့်သည်အထိ ၁ – ၁ ဂိုးဖြင့် သရေကျနေသဖြင့် အချိန်ပို ဆက်လက်ယှဉ်ပြိုင်ခဲ့ရာ အချိန်ပိုဒုတိယပိုင်းတွင် ကစားသမားအင်အားအသာစီးရနေသည့် အာဂျင်တီးနားအသင်းက ပွဲကို အပြတ်အသတ်စိုးမိုးခဲ့ပြီး အာဂျင်တီးနားအတွက် အဖိုးတန်အနိုင်ဂိုးများကို အယ်လ်ဗာရက်ဇ် နှင့် မာတီနက်ဇ်တို့က တစ်ဂိုးစီ သွင်းယူပေးခဲ့သည်။
ပွဲအပြီးတွင် အာဂျင်တီးနားအသင်းက ဆွစ်ဇာလန်အသင်းကို အနိုင်ယူကာ ပြိုင်ပွဲ၏ ဆီမီးဖိုင်နယ်အဆင့်သို့ ရောက်ရှိသွားခဲ့သည်။
