ဆိုက်ကားဆရာတစ်ဦး ဆိုက်ကားနင်းရင်း ဆိုက်ကားပေါ်၌ ရုတ်တရက်ကွယ်လွန်

ရန်ကုန်မြို့ ကမ်းနားလမ်းနှင့် ဗိုလ်ဆွန်ပတ်လမ်းထောင့်တွင် ယနေ့နံနက်ပိုင်းက ဆိုက်ကားမောင်းနှင်နေသည့် ဆိုက်ကားဆရာကြီးတစ်ဦး ရုတ်တရက် လဲကျသေဆုံးသွားခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။

အဆိုပါ ဖြစ်ပွားရာနေရာသို့ လူမှုကွန်ရက်စာမျက်နှာတွင် လူသိများသည့် ကိုပူတူးနှင့်ဘော်ဒါများ အဖွဲ့က သွားရောက်ကာ ကွယ်လွန်သူ၏ ရုပ်အလောင်းအား ရန်ကုန်ပြည်သူ့ဆေးရုံကြီး (YGH) ရေခဲတိုက်သို့ မေတ္တာဖြင့် အခမဲ့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ရုပ်အလောင်းအား ကူညီရွှေ့ပြောင်းပေးနေစဉ်အတွင်း သေဆုံးသူဆိုက်ကားဆရာကြီးကို သိကျွမ်းသည့် မိတ်ဆွေတစ်ဦး ရောက်ရှိလာခဲ့ပြီး ယမန်နေ့ညပိုင်းကတင် အတူတကွ တွေ့ဆုံကာ စကားစမြည် ပြောဆိုဖြစ်ခဲ့သေးကြောင်း၊ ယခုကဲ့သို့ နံနက်ပိုင်းတွင် ချက်ချင်း ကွယ်လွန်သွားလိမ့်မည်ဟု မထင်မှတ်ထားကြောင်း စိတ်မကောင်းစွာဖြင့် ပြောကြားခဲ့သည်။

ခက်ခဲပင်ပန်းလှသည့် လူမှုစီးပွားဘဝကို ရုန်းကန်လှုပ်ရှားရင်း လမ်းဘေး၌ပင် ရုတ်တရက် အသက်ပျောက်သွားခဲ့ရသည့် ဆိုက်ကားဆရာကြီး၏ ဖြစ်ရပ်အပေါ် လူမှုကွန်ရက်အသုံးပြုသူအများအပြားက များစွာ စိတ်မကောင်းဖြစ်ရပြီး ဝမ်းနည်းကြေကွဲရကြောင်း ဆုတောင်းစကားများ အသီးသီး ရေးသားဖော်ပြထားကြသည်။