ဦးမင်းဇင် ပြန်လွတ်ရေး နိုင်ငံတကာက ကူညီပေးရန် ISP-Myanmar တောင်းဆို

တရုတ်နိုင်ငံ၌ မတရားဖမ်းဆီးထိန်းသိမ်းခြင်းခံထားရသည့် ISP Myanmar၏ အမှုဆောင်ဒါရိုက်တာဖြစ်သူ ဦးမင်းဇင် ချက်ချင်းပြန်လည်လွတ်မြောက်လာရေးအတွက် နိုင်ငံတကာအနေဖြင့် သံတမန်ရေးအရ ဝိုင်းဝန်းကူညီပေးကြရန် မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအဖွဲ့-မြန်မာ (ISP-Myanmar) က ယနေ့တွင် ထုတ်ပြန်ချက်ထုတ်ပြီး တောင်းဆိုလိုက်သည်။

၂၀၂၆ ခုနှစ် ဇွန်လ ၃ ရက်နေ့ကတည်းက တရုတ်နိုင်ငံတွင် ဖမ်းဆီးခြင်းခံထားရသည့် အမေရိကန်နိုင်ငံသား ဦးမင်းဇင်အား ခြွင်းချက်မရှိ ချက်ချင်းပြန်လည်လွှတ်ပေးရန် အဖွဲ့က တောင်းဆိုထားခြင်း ဖြစ်သည်။

ISP-Myanmar ၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် အောက်တိုဘာလအတွင်းက တရုတ်နိုင်ငံတွင် ဖမ်းဆီးခြင်းခံခဲ့ရသည့် ဇိအုန်အသင်းတော်၏ ပါစတာ အက်ဇ်ရာ ဂျင် မင်ရီ ပြန်လည်လွတ်မြောက်လာမှုကို ကြိုဆိုကြောင်း ဖော်ပြထားသည်။

အဆိုပါ ပါစတာ ဂျင် ပြန်လည်လွတ်မြောက်လာရေးတွင် စဉ်ဆက်မပြတ် လုပ်ဆောင်ခဲ့သည့် နိုင်ငံတကာသံတမန်ရေးရာ ကဏ္ဍသည် အလွန်အရေးပါခဲ့ခြင်းကြောင့် အလားတူ ကြိုးပမ်းအားထုတ်မှုမျိုးဖြင့် ဦးမင်းဇင်ကို ကူညီပေးကြရန် မျှော်လင့်ကြောင်း ဆိုသည်။

ISP-Myanmar သည် မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုများအပေါ် အများပြည်သူအကျိုးစီးပွား ရှေးရှုပြီး အထောက်အထားအခြေပြု သုတေသနလုပ်ငန်းများကို လုပ်ဆောင်နေသည့် အမှီအခိုကင်းသော အသိပညာရှင်အဖွဲ့ တစ်ခု ဖြစ်သည်။

ထို့ကြောင့် အမှီအခိုကင်းသော သုတေသနအဖွဲ့အစည်းများနှင့် ပညာရပ်ဆိုင်ရာ အဖွဲ့အစည်းများကို ခြိမ်းခြောက်မှု သို့မဟုတ် ဖိအားပေးမှုများမရှိဘဲ လွတ်လပ်စွာ လုပ်ကိုင်ဆောင်ရွက်ခွင့် ပေးရမည်ဖြစ်ကြောင်းလည်း ထည့်သွင်းထုတ်ပြန်ထားသည်။

ဦးမင်းဇင်သည် ဇွန်လ ၃ ရက်၊ ၂၀၂၆ ခုနှစ်တွင် တရုတ်နိုင်ငံ ကူမင်းမြို့၌ ပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲတက်ရောက်ရန် ရောက်ရှိနေစဉ် တရုတ်အာဏာပိုင်များ၏ ဖမ်းဆီးခံခဲ့ရပြီး၊ အမေရိကန်နိုင်ငံသားတစ်ဦးဖြစ်သူ ၎င်းအား သူလျှိုမှုဖြင့် စွပ်စွဲခံထားရခြင်းဖြစ်သည်။